ဖျူထိုင်းပါတီက အစိုးရဖွဲ့နိုင်ရေးအတွက် ပါတီများကို စည်းရုံး 

By Borneo Bulletin 
10 August 2023
ဖျူထိုင်းပါတီက အစိုးရဖွဲ့နိုင်ရေးအတွက် ပါတီများကို စည်းရုံး 
Photo-AFP

ထိုင်းနိုင်ငံတွင် မေ ၁၄ ရက် ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေး လိပ်ခဲတည်းလည်း ဖြစ်နေမှုအား ကျော်လွှားရန်အတွက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာ ကျောထောက်နောက်ခံရှိသော ဖျူထိုင်းပါတီက ညွန့်ပေါင်းအဖွဲ့အတွင်းသို့ ပါတီများကို စည်းရုံးလျက် ရှိနေသည်။ 

ရွေးကောက်ပွဲတွင် ဒုတိယနှင့် တတိယအနိုင်ရရှိသော ဖျူထိုင်းပါတီ (၁၄၁ နေရာ) နှင့် Bhumjaithai Party (၇၁ နေရာ) တို့ ထူထောင်သည့် ညွန့်ပေါင်းအဖွဲ့သို့ ပါတီငယ် ခြောက်ပါတီ ယခု သီတင်းပတ်အစောပိုင်းတွင် ပါဝင်မည်ဖြစ်ကြောင်း ဖျူထိုင်းပါတီ၏ ခေါင်းဆောင် ချိုနန် ဆရီကောက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

အဆိုပါ ခြောက်ပါတီ၏ စုစုပေါင်း အမတ်နေရာသည် ၁၆ နေရာ ရှိမည်ဖြစ်၍ ညွန့်ပေါင်းဖွဲ့သည့်အခါ စုစုပေါင်း ၂၂၈ နေရာ ရှိမည် ဖြစ်သည်။ 

သို့ရာတွင် အောက်လွှတ်တော် အမတ် ၅၀၀ ၌ အများစု နေရာရရှိရေး လိုအပ်နေသေးဆဲဖြစ်ရာ ထိုင်းနိုင်ငံ၏ နောက်တက်မည့် ဝန်ကြီးချုပ်အား လွှတ်တော်အမတ်များ မဲပေးမည့် လာမည့် လွှတ်တော်အစည်းအဝေး၌ ထောက်ခံမှု ရရှိရေးအတွက် ဖျူထိုင်းပါတီက ဆက်လက်ကြိုးပမ်းရဦးမည် ဖြစ်သည်။ 

ညွန့်ပေါင်းအဖွဲ့သို့ ပါဝင်မည့် ပါတီသစ်များမှာ Prachachat၊ Seri Ruam Thai၊ Plung Sungkom Mai၊ Party of Thai Counties၊ Pue Thai Rumphlang နှင့် Chartpattana Kla တို့ ဖြစ်ကြသည်။ 

နိုင်ငံရေး သောင်မတင်ရေမကျ အခြေအနေကို ဖျူထိုင်းပါတီက ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ချိုနန်က ပြောပြီး ပါတီ၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း အသက် ၆၀ ရှိ အိမ်ခြံမြေလုပ်ငန်းရှင် ဆရတ်သာ သာဗီဆင်းကို မဲပေးမှုအတွင်း ရွေးကောက်တင်မြှောက်ရန် လွှတ်တော်အမတ်များအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုအတွက် တောင်းဆိုသွားခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly