“ထုအင်အား” တည်‌ဆောက်ပြီး ၁ ခုတည်းသော စီမံချက်အောက် မဟာဗျူဟာထိုးစစ် ဆင်နွှဲရမည်ဟု  NUG ကာကွယ်ရေးဝန်ကြီး ပြော

By 002 (မဇ္ဈိမ)
10 August 2023
“ထုအင်အား” တည်‌ဆောက်ပြီး ၁ ခုတည်းသော စီမံချက်အောက် မဟာဗျူဟာထိုးစစ် ဆင်နွှဲရမည်ဟု  NUG ကာကွယ်ရေးဝန်ကြီး ပြော
ပုံအညွှန်း-NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်

PDF နှင့် မဟာမိတ်များ“ထုအင်အား” တည်‌ဆောက်ပြီး  တစ်ခုတည်းသော စီမံချက်အောက် မဟာဗျူဟာထိုးစစ်ကို ဆင်နွှဲမည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ခွဲမှူးသင်တန်း အပတ်စဉ် (၂) သင်တန်းသားရဲဘော်များသို့ အမှာစကားတွင် ပြောကြားသည်။

ထိုသို့ အမှာစကား ပြောကြားခဲ့ကြောင်း သြဂုတ်လ ၉ ရက် ရက်စွဲဖြင့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

" ငါတို့မဟာဗျူဟာက “ကွက်ပြည့်ခင်း ကွက်စေ့နင်းတဲ့ ဗျူဟာ” ဖြစ်တယ်ဆိုတာ ရဲဘော်တို့ သိရှိပြီး ဖြစ်တယ်။ တစ်ပြည်လုံး အတိုင်းအတာနဲ့ ဒေသတိုင်းမှာ အင်အားစုစည်းပြီး ငါတို့တိုက်ပွဲဝင်ခဲ့ကြတယ်။ မဟာဗျူဟာ ‌နောက်တစ်ဆင့်အဖြစ် PDF နဲ့ မဟာမိတ်များ “ထုအင်အား” တည်‌ဆောက်ပြီး တစ်ခုတည်းသော စီမံချက်အောက်မှာ မဟာဗျူဟာထိုးစစ်ကို ဆင်နွှဲကြရမှာ ဖြစ်တယ်။ ရဲဘော်တို့အနေနဲ့ ဒီစစ်ဆင်ရေးမှာ စစ်မျက်နှာအသီးသီးကနေ အရေးကြီးတဲ့ စစ်မြေပြင်ခေါင်းဆောင် များအဖြစ် ပါဝင်ကြရမှာဖြစ်တယ်" ဟု ဦးရည်မွန်က ပြောသည်။

တော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးဖြစ်ပြီး ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် ပြည်သူပါဝင်နေသည်ဟု ၎င်းကပြောသည်။

" PDF ကသာလျှင် အသက်စွန့် တိုက်ပွဲဝင်နေရတာ ဖြစ်တဲ့ အတွက် PDF ကသာလျှင် ပြည်သူထက် ခေါင်းတစ်လုံး ပိုမြင့်တယ်ဆိုတဲ့ အတွေးအခေါ်ကို ငါတို့ ခေါင်းထဲက ရှင်းရှင်းဖယ်ထုတ် ထားရမယ်။ ငါတို့ကိုင်ထားတဲ့ သေနတ်က ပြည်သူက သူ့ချွေးနည်းစာနဲ့ စုဆောင်းပြီး တပ်ဆင်ပေးထားတာ ဖြစ်တယ်။ ငါတို့ စားနေတဲ့ထမင်းကလည်း ပြည်သူကျွေးထားတာပဲ ဖြစ်တယ်။ လက်နက်ကိုင်ပြီး ပြည်သူ အပေါ် ရမ်းကားတာ၊ ပြည်သူကို နိုင့်ထက်စီးနင်း လုပ်တာထက် စက်ဆုပ်စရာကောင်းတဲ့ အပြုအမူ ရှိမှာ မဟုတ်ဘူး။ဒီလို အမူအကျင့်မျိုးရှိတဲ့ စုန်းပြူးတွေ PDF တပ်မတော်ထဲ ခိုအောင်းနေရင်လည်း ပြတ်ပြတ်သားသား ဖော်ထုတ် ဖယ်ရှားပစ်ကြရမှာ ဖြစ်တယ်" ဟု ကာကွယ်ရေးဝန်ကြီး ကပြောသည်။

ပြည်သူများ ပါဝင်မှုကြောင့် ပြည်သူ့စစ်မဟာဗျူဟာကို ခင်းကျင်းနိုင် ခြင်းဖြစ်ပြီး ယင်းမဟာဗျူဟာ ကြောင့် စစ်ခေါင်းဆောင်မှာ ထွက်ပေါက်ပိတ်ပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတို့တွင် အသက်ရှုကြပ်နေကြောင်း၊ အရေးနိမ့်မှုများကို တရားခံရှာသည့် အနေဖြင့် အချင်းချင်းဇာတ်တူသားစားသည့် ဖြစ်စဉ်များ ထွက်ပေါ် လာနေကြောင်း ဦးရည်မွန်က ပြောသည်။
" အသက်ရှူကျပ်နေတဲ့ စစ်ကောင်စီကို အသက်ရှူရပ်တဲ့ အထိ ငါတို့ ဖိအားပေး တိုက်ခိုက်ကြရမှာ ဖြစ်တယ်" ဟု NUG ကာကွယ်ရေး ဝန်ကြီးက ပြောသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly