စစ်တွေအနီးပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့သည့်စက်လှေမှ ရိုဟင်ဂျာရုပ်အလောင်း ၁၅ လောင်း ပြန်လည် တွေ့ရှိ

By ရောင်နီ(မဇ္စျိမ)
09 August 2023
စစ်တွေအနီးပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့သည့်စက်လှေမှ ရိုဟင်ဂျာရုပ်အလောင်း ၁၅ လောင်း ပြန်လည် တွေ့ရှိ
ပုံစာ - စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် ရိုဟင်ဂျာရုပ်အလောင်းများကို သယ်ယူနေစဥ်။ (ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးရှိပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့သည့် စက်လှေတွင် လိုက်ပါလာသူ များထဲမှ ရိုဟင်ဂျာ ၁၅ ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိထားကြောင်း သိရသည်။

မလေးရှားနိုင်ငံသို့သွားရောက်ရန်  ရိုဟင်ဂျာ ၅၀ ဦး ထက်မနည်း လိုက်ပါလာသည့်စက်လှေသည် ပြီးခဲ့ သည့် သြဂုတ်လ ၇ ရက်နေ့က စစ်တွေမြို့ ဘာဆာရာကျေးရွာအနီးရှိ ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ခြင်း ဖြစ် သည်။

“ လက်ရှိအချိန်အထိ အလောင်း ၁၅ လောင်းတွေ့ပြီ။ ဒီနေ့တရက်တည်း ကိုးလောင်းတွေ့တယ်။ ခြောက် လောင်းကသယ်ပြီးပြီ နောက်သုံးလောင်းကသယ်နေဆဲ၊၊ ရှာဖွေရေးတွေကတော့ အဖွဲ့တဖွဲ့လွှတ်ပြီး ဆက် လက်လုပ်ဆောင်နေပါတယ်” ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ အထွေထွေအတွင်းရေးမှူး ကိုဗျာလက ပြောသည်။

စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးခဲ့သည့် ရိုဟင်ဂျာရုပ်အလောင်းများကို စစ်တွေမြို့နယ် ဗေဒါရွာ၊ သဲခုံရွာ အပါအ၀င် ပင်လယ်ကမ်းစပ်အနီးမှကျေးရွာများတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တွေ့ရှိခဲ့သည့် ရုပ်အလောင်း များကို ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ဆေးရုံကြီးနှင့်ရင်ခွဲရုံများသို့ ပို့ဆောင်ပေးနေကြောင်းသိရ သည်။

“ တွေ့ရှိတဲ့ အလောင်းတွေကို ကျွန်တော်တို့ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီး ဆေးရုံကြီးကနေ ရင်ခွဲရုံကို ပို့ ဆောင်ပါတယ်။ သူတို့ပြောတာက ၅၀ ကျော်လောက် ရေနစ်တဲ့အထဲမှာ ပါသွားတယ်။ ပြန်လွတ်လာတာ ရှစ်ယောက် ရှိပါတယ်” ဟု ကိုဗျာလက ပြောသည်။

စက်လှေတိမ်းမှောက်မှုတွင် အသက်ရှင်လျက်လွတ်မြောက်လာသူ ရိုဟင်ဂျာအမျိုးသားရှစ်ဦးရှိပြီး ၎င်းတို့ ကို စစ်ကောင်စီတပ်နှင့်ရဲများက လာရောက်ခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်တွေမြို့အနီး ပင်လယ်ပြင်တွင် တိမ်းမှောက်ခဲ့သည့်စက်လှေ၌ လိုက်ပါလာသည့် ရိုဟင်ဂျာများသည် ရသေ့တောင်မြို့နယ်မှဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္စျိမအနေဖြင့် သီးခြား အတည် ပြုချက်ရယူနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စက်လှေတိမ်းမှောက်မှုကြောင့် ကျန်ရှိနေသည့် ပျောက်ဆုံးနေသူများကိုလည်း ဒေသတွင်းရှိ လူမှုကူညီရေးအသင်းများက ဆက်လက် ရှာဖွေမှုများလုပ်ဆောင်လျက်ရှိသည်။

“ရခိုင်ပြည်နယ်မှာ မုန်တိုင်း၀င်ပြီးတဲ့နောက် ရာသီဥတုက သိပ်မကောင်းသေးဘူး။ အခု စက်လှေတိမ်း မှောက်တဲ့ပင်လယ်ပြင်ဆိုလည်း လှိုင်းကြီးတဲ့အခြေအနေရှိတော့ အခုလိုဖြစ်ကြတာပါ”ဟု စစ်တွေဒေသခံ တဦးက ပြောသည်။

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများသည် စား၀တ်နေရေးကျပ်တည်းမှုကြောင့် ရေလမ်းမှတဆင့် မလေးရှား နိုင်ငံအပြင် အခြားနိုင်ငံများကို တရားမ၀င် သွားရောက်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ ရခိုင်ပြည်နယ်မှာ စက်လှေတိမ်းမှောက်တာက မကြာမကြာ ဖြစ်တယ်။ တချို့ဆို လှေပေါ်ကပြုတ်ကျ ပြီးသေဆုံးတာတွေလည်းရှိတယ်။ အဲဒီလိုဖြစ်စဥ်တွေမှာ အကြောင်းကြားလို့ ကူညီကယ်ဆယ်မှုတွေ လုပ် ပေးနိုင်တာရှိသလို တချို့ကျ အကြောင်းမကြားလို့ မသိလိုက်ရတာတွေလည်း ရှိပါတယ်” ဟု ရွှေရောင် မေတ္တာဖောင်ဒေးရှင်းမှ အထွေထွေအတွင်းရေးမှူး ကိုဗျာလက ပြောသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly