ပြီးခဲ့သည့်မေလက တောင်ကိုရီးယားတွင် ပြုလုပ်သည့် လက်နက်ပြပွဲအခမ်းအနားတစ်ခု၌ မြန်မာစစ်ကောင်စီခန့် သံအမတ်ကို တောင်ကိုရီးယားအစိုးရက တက်ခွင့်ပြုခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး သံတမန်၏ ဩဂုတ် ၉ ရက် စာထဲတွင် ထုတ်ဖော်သည်။
မေလ ၂ ရက်က ဆိုးလ်မြို့၏ အရှေ့မြောက်ဘက် ၅၂ ကီလိုမီတာခန့်အကွာတွင် ရှိသည့် Pocheon မြို့တွင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ နိုင်ငံခြားသံတမန်များကို တင့်ကားများနှင့် အခြားလက်နက်များ ပြသသည့် အခမ်းအနား၌ မြန်မာသံအမတ် ဦးသန့်စင် တက်ရောက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလ အထူးအစီရင်ခံစာ တင်သွင်းသူ သောမတ် အန်ဒရူးစ်က မှတ်ချက်စကားများ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
“အခမ်းအနား ပါဝင်တက်ရောက်ပြီး K2 တင့်ကားတစ်စီးပေါ်မှာ လက်မြှောက်ပြခဲ့တဲ့ ဦးသန့်စင်ကို တောင်ကိုရီးယားအစိုးရဘက်က ဖိတ်ကြားခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ မိမိအနေနဲ့ အလွန်တရာ စိုးရိမ်ရပါတယ်” ဟု အန်ဒရူးစ်က ဇွန်လ ၆ ရက်က တောင်ကိုရီးယားအစိုးရထံ ပေးပို့သည့် စာထဲတွင် ရေးသားခဲ့သည်။
“အဲဒီအခမ်းအနားမှာ စစ်ကောင်စီခန့် သံအမတ် ပါဝင်မှုက တရားမဝင်တဲ့၊ လူမဆန်တဲ့ အာဏာသိမ်းစစ်အုပ်စုကို တရားဝင်မှု ပေးရာ ရောက်သလို မြန်မာစစ်တပ်ကို လက်နက် လွှဲပြောင်းပေးပို့မှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားရဲ့ မူဝါဒနဲ့ပတ်သက်လို့လည်း သံသယတွေကို ဖြစ်စေပါတယ်” ဟု အန်ဒရူးစ်က ပြောပြီး ထိုကိစ္စနှင့်ပတ်သက်ပြီး ရှင်းလင်းချက် တောင်းခံခဲ့သည်။
ယင်းနောက် တောင်ကိုရီးယားအစိုးရက ဇူလိုင် ၂၆ ရက်တွင် ပြန်စာပို့ခဲ့ပြီး ၎င်းတို့အနေဖြင့် အခမ်းအနားသို့ အာဆီယံ အဖွဲ့ဝင်အားလုံးကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်ဟု ရှင်းလင်းခဲ့သည်။
“ထူထောင်ထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့အတူ အာဆီယံနိုင်ငံတွေအားလုံးဆီ ဖိတ်ကြားစာတွေ ပေးပို့ခဲ့တာဖြစ်တယ်။ ဒီလို ဖိတ်ကြားလို့ မြန်မာစစ်တပ် ဒါမှမဟုတ် မြန်မာနိုင်ငံမှာ ရှိတဲ့ အခြားအဖွဲ့အစည်းတွေဆီ လက်နက် လွှဲပြောင်းပေးပို့မှုတွေ ခွင့်ပြုပေးဖို့ ရည်ရွယ်ချက် ရှိတယ်လို့ အဓိပ္ပါယ် မသက်ရောက်ပါဘူး” ဟု ပြောသည်။
မြန်မာတွင် ၂၀၂၁ ၊ ဖေဖေါ်ဝါရီလက ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကိုရီးယားသည် မြန်မာထံ စစ်ဖက် ပစ္စည်းများ တင်ပို့မှုကို ပိတ်ပင်တားမြစ်ခဲ့ပြီး နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတို့ကို ရပ်ဆိုင်းထားခဲ့သည်။
U.N. rights envoy voices concern over S. Korea as Myanmar ambassador attended arms event