ပုလောတွင် စစ်ကောင်စီတပ်က လက်နက်ကြီး အကြောင်းမဲ့ပစ်ခတ်၍ အသက် ၇ နှစ် အရွယ်ကလေး ထိခိုက်ဒဏ်ရာရ

By ကိုရွှေမြိတ် (မဇ္ဈိမ)
09 August 2023
ပုလောတွင် စစ်ကောင်စီတပ်က လက်နက်ကြီး အကြောင်းမဲ့ပစ်ခတ်၍ အသက် ၇ နှစ် အရွယ်ကလေး ထိခိုက်ဒဏ်ရာရ
လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် လက္ကူကျေးရွာ

ပုလောမြို့နယ်တွင် ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လက္ကူကျေးရွာမှ အသက် ၇ နှစ် အရွယ်ကလေးငယ် တဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မှော်ကြောင်းရွာတွင် ဆက်သွယ်ရေးစခန်းအဖြစ် တပ်စွဲထား သည့် စစ်ကောင်စီတပ်က လက်နက်ကြီးလေးလုံးထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်တလုံးအား ကျည်ထိမှန်ကာ အသက် ၇ နှစ် အရွယ်ကလေးတဦး ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

 “တိုက်ပွဲ ဖြစ်တာမျိုးမရှိပါဘူး၊ စစ်တပ်က တမင်သက်သက်ပစ်တာ။  နာရီဝက်တခါပစ်ဆိုတော့ လူတွေ ကကြောက်ပြီး အကာအကွယ်ယူ ပုန်းနေကြရတယ်”ဟု လက္ကူရွာမှ အမျိုးသားတဦးက ပြောသည်။

ထို့အတူ‌ ယင်းနေ့မွန်းလွဲပိုင်းတွင် ပုလောမြို့နယ် မီးလောင်ချောင်းနှင့် ဇရပ်ဆိပ်ကျေးရွာများဘက်သို့ ပလ မြို့အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများကပြောသည်။

“မနေ့က စစ်တပ်ကလက်နက်ကြီးနဲ့ထုတော့ ရွာခံတွေ ထွက်ပြေးရတာပေါ့။ ညနေပိုင်းမှာတော့ ပုံမှန်အ တိုင်းပြန်ဖြစ်သွားလို့ ရွာထဲပြန်ဝင်နေကြပြီ” ဒေသခံတဦးကပြောသည်။

ပုလောမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့်မြို့နယ်ဖြစ်ပြီး စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသလည်းဖြစ်သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required