EAO နဲ့ PDF တွေကြောင့် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတည်ဆောက်ရာမှာ အနှောင့်အယှက်ဖြစ်နေဟု စစ်ခေါင်းဆောင်စွပ်စွဲ

By မဇ္ဈိမ 
09 August 2023
EAO နဲ့ PDF တွေကြောင့် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတည်ဆောက်ရာမှာ အနှောင့်အယှက်ဖြစ်နေဟု စစ်ခေါင်းဆောင်စွပ်စွဲ

အကြမ်းဖက်မင်းအောင်လှိုင်က လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တိုင်းရင်းသား များအတွက် ဖက်ဒရယ်အခွင့်အရေးများ အပြည့်အ၀ ပေးထားပြီးဖြစ်ကြောင်း၊  တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အဓိက ဆူးငြောင့်ခလုတ်များဖြစ်နေကြောင်း ပြောဆိုသွားပါတယ်။

စစ်ကောင်စီရဲ့ တည်ငြိမ်အေးချမ်းရေး နဲ့ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နေမှုအပေါ် နှောင့်ယှက်မှုတွေရှိနေရင် ရွေးကောက်ပွဲလုပ်ငန်းစဉ်ပါ နှောင့်နှေးလိမ့်မယ် လို့ စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ပြောကြားထားတာဖြစ်ပါတယ်။

သြဂုတ် ၈ ရက်နံနက်ပိုင်းက နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီရဲ့ ဦးတည်ချက် အသစ် ၅ ရပ်ကို ထုတ်ပြန်လိုက်ပြီး ယင်းဦး တည်ချက်များမှာ အာဏာကို ဆက်လက်ချုပ်ကိုင်ကာ သက်တမ်း ၆ လ အကြိမ်ကြိမ်တိုးမြှင့်မယ့် ဦးတည်ချက် အသစ်များ ပါဝင်လာတာကိုတွေ့ရပါတယ်။

လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်း ပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး အပြည့်အ၀ ရရှိ လာအောင် အလေးထား ဆောင်ရွက်သွားမယ်လို့ အကြမ်းဖက် စစ်ကောင်စီက ဦးတည်ချက် အသစ်ကို ထုတ်ပြန်ခြင်းဖြစ်ပါတယ်။

မတည်ငြိမ်တဲ့ ဒေသတွေကို ချန်ထားပြီး တည်ငြိမ်တဲ့နေရာတွေမှာပဲ ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ အခင်းအကျင်းနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် အခင်းအကျင်း ကို စစ်ခေါင်းဆောင်က ကာလုံအစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးဖို့ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ပြောပါတယ်။

နိုင်ငံရေးလေ့လာသူတွေကတော့ လက်ရှိလုံခြုံရေးအခြေအနေအရ စစ်ခေါင်းဆောင်ပြောတဲ့ အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေဖို့ဆိုတာ မဖြစ်နိုင်ဘူး လို့ သုံးသပ်ထားကြပါတယ်။

စစ်ခေါင်းဆောင်က တချို့သော EAO တွေအနေနဲ့ NCA သဘောတူညီချက်တွေကို လိုက်နာတာမရှိဘဲ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်နေတာကြောင့် PDF အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပိုမိုဆိုးရွားလာခဲ့တဲ့အတွက် အချို့ဒေသတွေမှာ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆောင်ရွက်ရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ အာဏာသိမ်းနှစ်နှစ်ကျော်ကာ လအတွင်း စစ်တပ်လက်ပါးစေတွေကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ ၃၈၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး နေအိမ်အဆောက်အအုံပေါင်း ၈၁,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly