သက်တမ်း ၅၆ နှစ်ပြည့်ပြီဖြစ်တဲ့ အာဆီယံထဲ မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ ကြိုးပမ်းနေရဆဲ

By မဇ္ဈိမ 
09 August 2023
သက်တမ်း ၅၆ နှစ်ပြည့်ပြီဖြစ်တဲ့ အာဆီယံထဲ မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ ကြိုးပမ်းနေရဆဲ

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ သက်ဆိုင်ရာ အစုအဖွဲ့အားလုံးက နိုင်ငံရေး စိတ်ဆန္ဒအပြည့်နဲ့ ဖြေရှင်းဖို့ လိုအပ်တယ်လို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား သမ္မတ Joko Widodo က ပြောကြားလိုက်ပါတယ်။

အာဆီယံကို ဖွဲ့စည်းတည်ထောင်ခဲ့တာ ၅၆ နှစ်ပြည့်တဲ့အချိန်မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေ ရှိနေသလို၊ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းဖို့ဆိုတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ကိုလက်တွေ့မှာ အကောင်အထည် ဖော်နိုင်ခြင်း မရှိတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေက စိန်ခေါ်မှုတွေ ပြည့်နှက်နေဆဲပဲ ဆိုတာကို ကျနော်တို့ သိထားပြီးသားပါ။ ဒီအခြေအနေတွေကို ဖြေရှင်းနိုင်ဖို့မှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးက နိုင်ငံရေး စိတ်ဆန္ဒရှိဖို့ လိုအပ်တယ် ဆိုတာကိုလည်း နားလည် လက်ခံရပါလိမ့်မယ်။” လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ Joko Widodo က ပြောဆိုသွားပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားသမ္မတဝီဒိုဒိုက မြန်မာနိုင်ငံရေးပဋိပက္ခကိုဖြေရှင်းနိုင်ဖို့ အချိန်ယူရဖွယ်ရှိနေတယ်လို့လည်း အဆိုပါအစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ဆက်လက်ပြောဆိုခဲ့ကြောင်း သိရပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံ နိုင်ငံတွေကြားမှာပါ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်လာပြီး အခုတော့ သံတမန်ရေးအရ ဖြေရှင်းဖို့ အားထုတ်မှုတွေကို ပိုမိုအရှိန်အဟုန် မြှင့်တင်လာနေကြပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့်တားမြစ်ထားခံရတဲ့ အခြေအနေမှာပဲ ( ၅၆ ) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ပြီး အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတွေ နဲ့ ရည်မှန်းချက်တွေ ပြည့်မီဖို့ ကြိုးပမ်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

အာဆီယံ ဒေသတွင်းရှိ ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို ဆောင်ရွက်ရမှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဆီယံပဋိညာဉ် စာတမ်းပါအချက်တွေကို လေးစားလိုက်နာပြီး အာဆီယံရဲ့ အခြေခံမူတွေနဲ့အညီ ဆောင်ရွက်သွားဖို့လိုတယ်လို့ ပြောလိုပါတယ်၊ မြန်မာနိုင်ငံအနေနဲ့လည်း တာဝန်ရှိတဲ့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ် လို့သူကပြောပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ဧပြီလအင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာလုပ်တဲ့ မြန်မာ့အရေးအစည်းအဝေးကလွဲလို့ အာဆီယံထိပ်သီးအစည်းအဝေးတွေကို စစ်ခေါင်း‌ဆောင်အပါအဝင် နိုင်ငံရေးရာထူးအဆင့်ရှိသူတွေ တက်ရောက်ခွင့်မရခဲ့ပါဘူး။

အကြမ်းဖက်မှုတွေကိုလျှော့ချဖို့ အာဆီယံရဲ့ မြန်မာ့အရေးထုတ်ပြန်တိုက်တွန်းချက်တွေကို အာဆီယံ ပဋိညာဉ်ပါ မူတွေနဲ့ မကိုက်ညီဘူး လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တောက်လျှောက်ကန့်ကွက် ခဲ့တာ ဖြစ်ပါတယ်။

ဒီလို တင်းမာမှုတွေရှိခဲ့ပေမဲ့ ‘’မြန်မာနိုင်ငံအနေနဲ့ တာဝန်ရှိတဲ့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်’’ လို့လည်း စစ်ခေါင်းဆောင် က သဝဏ်လွှာမှာ ထပ်လောင်းကတိပြုထားပါတယ်။

စစ်ကောင်စီအနေနဲ့ အာဆီယံအသိုက်အဝန်းထဲမှာ အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံတွေထက် ထိုင်း၊ကမ္ဘောဒီးယား၊ ဗီယက်နမ်၊လာအို တို့နဲ့ ပိုမိုဆက်ဆံရေးကောင်းနေတာ ဖြစ်ပါတယ်။

ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေမှာ ကျင်းပနေတဲ့ (၅၆)နှစ်မြောက် အာဆီယံတည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားတွေကို မြန်မာသံအမတ်ကြီးတွေ ပါဝင်တက်ရောက်နေတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာစစ်တပ် အာဏာသိမ်းပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို အာဆီယံက ကူညီ ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ထူးထူးခြားခြား အကျိုးဖြစ်ထွန်းမှု မရှိဘဲ ရှေ့ဆက်နေတာ အခုဆိုရင် တတိယမြောက် နှစ်အပိုင်းအခြားထဲ ဝင်ရောက်လာပါပြီပဲဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly