ဘီးလင်းတွင် မိုးရွာသွန်းနေဆဲဖြစ်ပြီး ယာယီအရေးပေါ်ကယ်ဆယ်ရေးစခန်း ၂၈ ခုအထိ တိုးလာ

By YT  ( မဇ္ဈိမ)
08 August 2023
ဘီးလင်းတွင် မိုးရွာသွန်းနေဆဲဖြစ်ပြီး ယာယီအရေးပေါ်ကယ်ဆယ်ရေးစခန်း ၂၈ ခုအထိ တိုးလာ
ဓါတ်ပုံ- လူမှုကွန်ယက် ပုံအညွှန်း- ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုအခြေအနေ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးဆက်လက်ရွာသွန်းမှု၊ တောင်ကျရေစီးဆင်းမှု၊ ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်တိုက် မြင့်တက်နေမှုကြောင့် ဘီးလင်းမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် ယာယီကူညီကယ်ဆယ်ရေးစခန်း ၂၈ ခုအထိ တိုးမြှင့်ဖွင့်လှစ်ထားရကြောင်း ဘီးလင်းမြို့နယ် လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးထံက သိရသည်။ 

" ရပ်ကွက်တွေ၊ ရွာတွေရေကြီးမှုလည်း အရင်ရက်တွေကလိုပါပဲ၊ ယာယီကယ်ဆယ်ရေးစခန်းတွေကနေ ဒေသခံတွေ နေအိမ်ပြန်နေလို့ မရသေးတဲ့အပြင် ထပ်တောင်တိုးလာတယ်။ လူမှုကယ်ဆယ်ရေးစခန်းက ၂၈ ခုရှိသွားပြီ၊ ရေဘေးသင့်ပြည်သူက အကုန်လုံး ၅,၈၄၀ ရှိတယ်။ ကုန်းအမြင့်ရှိတဲ့ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ သာသနာ့ဗိမာန်မှာတော့ ဗဟိုကယ်ဆယ်ရေးစခန်းဖွင့်ထားတယ်" ဟု ဘီးလင်းမြို့နယ် လူမှုကူညီရေးအသင်းတစ်ခု​၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်နေ့ မေးမြန်းချက်အရ ဘီးလင်းမြို့နယ်တွင် ရေဘေးသင့်ဒေသများအတွက် ယာယီကူညီကယ်ဆယ်ရေးစခန်း ကိုးခုရှိပြီး ရေဘေးသင့်ပြည်သူ ၃,၄၀၀ ကျော်သာ ရှိသေးသော်လည်း ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ယာယီကူညီကယ်ဆယ်ရေးစခန်း ၂၈ ခုအထိ တိုးမြှင့် ဖွင့်လှစ်ထားရကြောင်း၊ ရေဘေးသင့်ပြည်သူ ၅,၈၄၀ ဦးရှိပြီး ထပ်တိုးရန်ရှိကြောင်း သိရသည်။ 

လက်ရှိတွင် အဆိုပါ ရေဘေးသင့်ပြည်သူများအနက် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များတွင် ဖျားနာမှုများ ဖြစ်ပေါ်နေပြီး ဆေးဝါး၊ စားနပ်ရိက္ခာလိုအပ်မှုများလည်း မြင့်တက်နေကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်မှစတင်၍ မိုးဆက်တိုက်ရွာသွန်းမှု၊ တောင်ကျရေစီးဆင်းမှု၊ ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်မှုတို့ကြောင့်  ဘီးလင်းမြို့နယ်ရှိ အနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်များ၊ ဘီးလင်းမြစ်ကမ်းနားရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။ 

" ဝက်သိုးဝနဲ့ ခေါ်ထီးခီး၊ ပယ်ဝတ္ထတို့ကို သွားတဲ့လမ်းဆိုရင် လမ်းမှာ ရေတင်တာ များလားမများလား လှေတွေ ဖောင်တွေနဲ့ပါ ကူးနေရတယ်" ဟု ဘီးလင်းမြို့နယ်၊ ဘကျဲကျေးရွာနေ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့က ရေမရှိသလောက် နည်းပါးသွားသည့် ရန်ကုန်- မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်တွင်လည်း ယနေ့ ဩဂုတ်လ ၈ ရက်နေ့၊ နံနက်ပိုင်းမှစ၍ မိုးရွာသွန်းကာ တောင်ကျရေစီးဆင်းမှု၊ မြစ်ရေ ထပ်မံတိုးလာမှုကြောင့် ရေဖုံးလွှမ်းမှုထပ်မံဖြစ်ပွားနေပြီး လက်ရှိတွင် ကားလမ်းမပေါ်၌ ရေအနက် ၁၈၅ စင်တီမီတာအထိရှိကြောင်း သိရသည်။ 

" လက်ရှိက ရန်ကုန်- မော်လမြိုင်အဝေးပြေးကားလမ်းမှာ မနက် ၄ နာရီကနေ ရေ စ တိုးလာတာ အခုထိ တိုးတုန်းပဲ။ ရေက လမ်းမကြီးပေါ်မှာ ၁၈၅ စင်တီမီတာရှိတယ်။ ဆိုင်ကယ်တွေတော့ သွားလာလို့အဆင်မပြေတော့ဘူး။ ကားလေးတွေလည်း အကြိတ်အနယ်ပဲ” ဟု ဘီးလင်းမြို့နယ် လူမှုကူညီရေးအသင်းတစ်ခု​၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် ဩဂုတ်လ ၅  ရက်နေ့က ရန်ကုန်- မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် ရေလွှမ်းမိုးမှုဖြစ်ပွားပြီး ရေစီးသန်၍ ကုန်ကားတစ်စီးနှင့် ဟိုင်းလပ်ကားတစ်စီး၊ အခြားကားတစ်စီး စုစုပေါင်း ကားသုံးစီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန​၏ ယနေ့ ဩဂုတ်လ ၈ ရက်နေ့၊ နေ့လယ် ၂နာရီထုတ်ပြန်ချက်အရ ဘီးလင်းမြစ်ရေသည် ၎င်း​၏ စိုးရိမ်ရေမှတ်အထက် နှစ်ပေခန့်မြင့်တက်နေပြီး လာမည့်ဩဂုတ်လ ၁၀ ရက်နေ့အထိ အဆိုပါရေအမှတ်တွင် ဆက်လက်တည်ရှိနေနိုင်ကြောင်းနှင့် ဘီးလင်းမြို့နယ် အနိမ့်ပိုင်းဒေသများနှင့် မြစ်ကမ်းအနီး နေထိုင်သူများအနေဖြင့် သတိပြုနေထိုင်သင့်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly