ထိုင်း-မြန်မာ ကုန်သွယ်နေသည့် အာရှကားလမ်းပိုင်း ပြိုကျမှု ဖြစ်ပွား 

By မဇ္ဈိမ 
07 August 2023
ထိုင်း-မြန်မာ ကုန်သွယ်နေသည့် အာရှကားလမ်းပိုင်း ပြိုကျမှု ဖြစ်ပွား 

ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အသုံးပြုနေသည့် အာရှလမ်းပိုင်း တစ်နေရာသည် ယနေ့ ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မြေပြိုကျမှု ဖြစ်ပွားနေ၍ ခရီးသည်တင် ကားများ၊ ကုန်တင်ကားများ သွားလာ၍ မရဘဲ ပိတ်မိနေကြောင်း ကားသမားများနှင့် မြဝတီမြို့ခံ များက မဇ္ဈိမကို ပြောသည်။

မြဝတီမြို့နှင့် ကော့ကရိတ်မြို့ကြားရှိ တောနော်ရေတံခွန်အနီး အာရှလမ်းပိုင်း ပြိုကျမှုသည် ဩဂုတ်လ ၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
 
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းကာ တောင်ကျရေ ပြင်းထန်စွာ တိုက်စားပြီးနောက် အာရှလမ်းပိုင်း ပြတ်တောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ‌မြဝတီမြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“လမ်းပြိုတာ တောနော်ရေတံအနီးအနားမှာပါ၊ တောင်ကျရေ တအားထိုးဆင်း ပြီးတော့ ကားလမ်းပါ တစ်ခါတည်း ပြတ်သွားတာပေါ့” ဟု မြဝတီမြို့ ဒေသခံ တစ်ဦးက ပြောသည်။

ခန့်မှန်းခြေ ပေ ၄၀ အကွာအဝေးခန့်  ပြတ်တောက်သွားသော အာရှလမ်းပိုင်း‌ မြေပြိုမှုသည် ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာ၊ တောနော်ရေတံခွန်အနီးတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

“ကော့ကရိတ်~မြဝတီ အာရှလမ်း၊ တောနော်ရေတံခွန်အနီး လမ်းမကြီး မြေပြိုပြီး မည်သည့်ယာဉ်မှ သွားလာမရပါ” ဟု ကော့ကရိတ်မြို့ရှိ လူမှုကူညီ ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးကလည်း ဖေ့စ်ဘွတ် လူမှုကွန်ရက်တွင် ရေးသားထားသည်။

လက်ရှိမှာ ကော့ကရိတ်မှ မြဝတီမြို့၊ မြဝတီမှ ကော့ကရိတ်မြို့သို့ ထွက်ခွာ လာ သော ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ကားများသည် လမ်းခုလတ်တွင် ပိတ်မိနေ ကြပြီး အချို့မှာ မြဝတီ- ရန်ကုန် လမ်းဟောင်းအတိုင်း ကွေ့ပတ်သွားလာရန် ပြင်နေကြကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တစ်ဘက်ကမ်းရှိ မြဝတီမြို့တွင်လည်း မြဝတီမြို့ အမှတ် (၁) ၊ အမှတ် ရပ်ကွက် (၅) အနိမ့်ပိုင်းတွင် ရေဝင်ရောက်မှုများ ရှိနေကြောင်း မြို့ခံများက ပြောသည်။

စာတည်း။    ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly