မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှု အဆုံးသတ်ရေး အပါအဝင် ရပ်တည်ချက်ခြောက်ရပ် NUCC နဲ့ NUG ထုတ်ပြန်

By မဇ္ဈိမ 
07 August 2023
မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှု အဆုံးသတ်ရေး အပါအဝင် ရပ်တည်ချက်ခြောက်ရပ် NUCC နဲ့ NUG ထုတ်ပြန်

စစ်တပ်နိုင်ငံရေးမှာ ပါဝင်မှုကို ထာဝရ အဆုံးသတ်ရေး အပါအဝင် နိုင်ငံရေးသဘောထား ရပ်တည်ချက်ခြောက်ချက်ကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က သြဂုတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီရပ်တည်ချက်တွေထဲမှာ လက်နက်ကိုင်တော်လှန်ရေးဟာ အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်စေမယ့် အုပ်ချုပ်သူ အပြောင်းအလဲမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ၊ စစ်အာဏာသိမ်းအလေ့အထနဲ့ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေမှုကို ထာဝရအဆုံးသတ်ချုပ်ငြိမ်းရေး၊ အစိုးရစီမံခန့်ခွဲမှုကို ချွင်းချက်မရှိ လိုက်နာပြီး ပြည်ပရန် ကာကွယ်ရေး တာဝန်ကိုပဲ ထမ်းရွက်မယ့် တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ “ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်” တည်ထောင်ရေးတို့ ပါဝင်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ ပါဝင်မှုအခန်းကဏ္ဍနဲ့ အာဏာသိမ်း အလေ့အထ လုံးဝအဆုံးသတ်ချုပ်ငြိမ်းစေရေးကို မဟာမိတ်တပ်ပေါင်းစုအဖွဲ့တွေအနေနဲ့ အခိုင်အမာ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အဲဒီကြေညာချက်မှာ ဖေါ်ပြထားပြီး လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲခံထားရတဲ့ လက်ရှိစစ်တပ်နေရာမှာ တိုင်းရင်းသားလူမျိုးတွေ တန်းတူပါဝင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်နဲ့ ပြောင်းလဲဖွဲ့စည်းတည်ထောင်မှာ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

စစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးတာ အပါအဝင် နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီးနောက် ဇူလိုင်လ ၃၁ ရက်မှာ NUCC နဲ့ NUG တို့အကြား အထူးအစည်းအဝေး ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးအပြီး အခုလို နိုင်ငံရေးသဘောထားရပ်တည်ချက် ခြောက်ရပ်ကို ပူးတွဲထုတ်ပြန်လိုက်တာပါ။ မျှော်မှန်းထားတဲ့ ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေး ရည်မှန်းချက်စံတန်ဖိုးတွေကို လမ်းလွဲစေမယ့် နိုင်ငံရေးအခင်းအကျင်းတွေကို ပြတ်ပြတ်သားသား ငြင်းပယ်တယ်လို့လည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)က ဆိုထားပါတယ်။

ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ တော်လှန်ရေးမှာပါဝင်နေတဲ့ တိုင်းရင်းသားပြည်သူတွေနဲ့ပါ အတူလက်တွဲပြီး စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ယူမှုပုံစံနဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ ကတိပေးတယ်လို့ NUCC ကထုတ်ပြန်ပြောဆိုပါတယ်။

‌နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးနိုင်ခြေရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ဇူလိုင်လကုန်ပိုင်းကစလို့ ထွက်ပေါ်လာပြီးတဲ့နောက် NUCC ၊ NUG တို့ အထူးအစည်းအဝေး ကျင်းပခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာလည်း မူမပြောင်းတဲ့အကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထုတ်ပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required