တူမီးထီ အပတ်စဉ် (၁၅) မှ ရရှိလာသော ရန်ပုံငွေများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ ပေးအပ်

By ပါခွီး(မဇ္စျိမ)
06 August 2023
တူမီးထီ အပတ်စဉ် (၁၅) မှ ရရှိလာသော ရန်ပုံငွေများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ ပေးအပ်
ပုံအညွှန်း-CNDF ရဲဘော်များ(ဓာတ်ပုံ-CNDF)

ချင်းပြည်နယ်တော်လှန်ရေးတွင်  ဘဏ္ဍာငွေအားဖြည့်ရန် ဖွင့်လှစ်ထားသည့် တူမီးထီ အပတ်စဉ် (၁၅) မှ  ရန်ပုံငွေများကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) သို့ ပေးပို့ခဲ့ကြောင်း ဩဂုတ်လ ၃ရက်နေ့တွင် ထုတ်ပြန်သည်။

အပတ်စဉ် (၁၅) တွင် ထီအစောင်ရေ ၁၇၆စောင်ရောင်းရပြီး ဒေါ်လာ ၈၈၀ ရရှိကာ ဆုကြေးငွေ ဒေါ်လာ ၂၅၀နှင့် အေးဂျင့်အတွက်  ဒေါ်လာ ၃၀ အသုံးပြုခဲ့သဖြင့် လက်ကျန် ဒေါ်လာ ၆၀၀ နှင့်ညီမျှသော ကျပ် ၁,၈၀၀,၀၀၀  ကို ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ဒီတော်လှန်ရေးမှာ ထောက်ပို့ကဏ္ဍက အလွန်းအရေးပါပါတယ် ။ ထောက်ပို့ဟာ တော်လှန်ရေးခန္ဓာရဲ့ အစိတ်အပိုင်းလို့ ပြောလို့ရတယ်။  သူတို့အင်အားကောင်းလေ တော်လှန်ရေးနိုင်‌ဖို့များလေပဲ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ကျွန်ငိုင်း က မဇ္စျိမ ကိုပြောသည်။ 

ထိုရန်ပုံငွေများကို အဓိကအားဖြင့် လက်နက်ခဲယမ်း ဖြည့်တင်းရန်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်းဆိုသည်။

တူမီးထီက ရန်ပုံငွေများသည် ချင်းတော်လှန်ရေးအင်အားစု အသီးသီး ထံသို့ စီးဆင်းနေ၍  ပြည်သူများအနေဖြင့် တူမီးထီထိုးပြီး ချင်းတော်လှန်ရေးအင်အားစုများကို အားဖြည့်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

တူမီးထီအပတ်စဉ်(၁၄) မှ ရရှိသော ရန်ပုံငွေများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) CDF – Petletwa သို့ ပေးပို့ခဲ့ပြီး အပတ်စဉ် (၁၆) မှ ရရှိလာမည့် ရန်ပုံငွေများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မရာ) CDF – Mara သို့ ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ရန်ပုံငွေများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များသာမက စစ်ဘေးရှောင် (IDPs) များ၊ ဒဏ်ရာရရှိခဲ့သည့် ရဲဘော်များ ၊ ချင်းပြည်နယ်အတွင်း ပညာရေး ၊ ကျန်းမာရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသူများထံ ပေးပို့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

တူမီးအပတ်စဉ် (၁၆) အတွက် ထီလက်မှတ်တစ်စောင်လျှင် အမေရိကန် ငါးဒေါ်လာဖြင့် ရောင်းချလျက်ရှိပြီး ဆုကြေးငွေ ကန်ဒေါ်လာ ၄၀၀မှစတင်၍ ရောင်းချရမှုအပေါ် မူတည်ပြီး ဆုငွေတိုးမြှင့်သွားဖြစ်ကာ ဩဂုတ်လ ၃၁ရက်နေ့တွင် ကံထူးရှင်ရွေးချယ် သွားမည်ဖြစ်ကြောင်းသိရှိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly