မူးယစ်ဆေး ကုန်ကူးမှုအတွက် ယခုနှစ်အတွင်း ၅ ဦးမြောက် အကျဉ်းသားကို စင်္ကာပူ ကွပ်မျက်

မူးယစ်ဆေး ကုန်ကူးမှုအတွက် ယခုနှစ်အတွင်း ၅ ဦးမြောက် အကျဉ်းသားကို စင်္ကာပူ ကွပ်မျက်
Photo-AFP

စင်္ကာပူတွင် ဘိန်းဖြူ တရားမဝင် ကုန်ကူးမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသည့် အသက် ၃၉ နှစ်ရှိ အမျိုးသားတစ်ဦးကို သေဒဏ်စီရင် ကွပ်မျက်လိုက်ကြောင်း အာဏာပိုင်တို့က ဩဂုတ် ၃ ရက်တွင် ပြောသည်။ ယင်းသည် နိုင်ငံတွင် ယခုနှစ်အတွင်း ပဉ္စမမြောက် ကြိုးပေးကွပ်မျက်မှု ဖြစ်သလို သီတင်းတစ်ပတ်ကျော်အတွင်းမှာပင် တတိယမြောက်အဖြစ် အကျဉ်းသားတစ်ဦးကို ကွပ်မျက်ခြင်းလည်း ဖြစ်သည်။

မိုဟာမက် ရှာလေ အက်ဒူ လတ်တစ်ဖ် သည် ၂၀၁၉ ခုနှစ်က တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ရည်ရွယ်ချက်ဖြင့် ဘိန်းဖြူ ၅၅ ဂရမ် လက်ဝယ်ပိုင်ဆိုင်မှုအတွက် သေဒဏ်ချမှတ်ခံခဲ့ရသည်။

၎င်းအား သေဒဏ်စီရင်မှုကို ကြာသပတေးနေ့တွင် လုပ်ဆောင်ခဲ့ကြောင်း ဗဟိုမူးယစ်ဆေးဝါးဗျူရို (CNB) က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

တရားရုံး စာရွက်စာတမ်းများအရ မိုဟာမက် ရှာလေသည် ၂၀၁၆ ခုနှစ်က ၎င်းအဖမ်းမခံရခင်က ပစ္စည်းပို့ကားမောင်းသမားတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့သည်ဟု သိရသည်။ တရားရုံး စစ်ဆေးမှုအတွင်း သူသည် ပိုက်ဆံအကြွေးဆပ်စရာရှိသည့် သူငယ်ချင်းတစ်ဦးထံ တရားမဝင် တင်သွင်းထားသည့် စီးကရက်များ ပို့ဆောင်ပေးခဲ့ရသည်ဟု ထင်မြင်ယူဆခဲ့ကြောင်း ပြောခဲ့သည်ဟု သိရသည်။

စင်္ကာပူတွင် COVID-19 ကပ်ရောဂါကာလအတွင်း သေဒဏ်စီရင်မှုများ မပြုလုပ်ဘဲ နှစ်နှစ်ကြာ ရပ်နားထားပြီးနောက် ၂၀၂၂ မတ်လတွင် အစိုးရက သေဒဏ်စီရင်မှုများ ပြန်လည်စတင်လုပ်ဆောင်ပြီးနောက်တွင် မိုဟာမက် ရှာလေသည် သေဒဏ်စီရင်ခြင်းခံရသည့် ၁၆ ဦးမြောက် အကျဉ်းသား ဖြစ်လာခဲ့သည်။

၎င်းအား သေဒဏ်စီရင်မှု မတိုင်မီ ပြီးခဲ့သည့် ရက်ပိုင်းကလည်း စင်္ကာပူအာဏာပိုင်တို့သည် လူ့အခွင့်အရေးအဖွဲ့များ၏ ပြစ်တင်ဝေဖန်မှုများရှိနေသည့်ကြားမှ နှစ် ၂၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးကို မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုအတွက် သေဒဏ်စီရင်ခဲ့သေးသည်။

အသက် ၄၅ နှစ်ရှိ ဆာရီဒီဝီ ဘင်တဲလ် ဂျမာနီသည် ဘိန်းဖြူ ၃၀ ဂရမ် ခန့် ကုန်ကူးမှုအတွက် ပြီးခဲ့သည့် သောကြာနေ့က ကွပ်မျက်ခြင်းခံခဲ့ရသည်။

ထိုမတိုင်မီ အစောပိုင်းနှစ်ရက်ကလည်း အသက် ၅၇ နှစ်ရှိ မိုဟ် အဇစ် ဘင် ဟူစိန် အမည်ရှိ စင်္ကာပူနိုင်ငံသားတစ်ဦးလည်း ဘိန်းဖြူ ၅၀ ဂရမ် ရောင်းဝယ်ဖောက်ကားမှုအတွက် သေဒဏ်စီရင်ခံခဲ့ရသည်။

ထိုကဲ့သို့ ကွပ်မျက်ခြင်းများအပေါ် ကုလသမဂ္ဂက ပြီးခဲ့သည့်အပတ်က ပြင်းပြင်းထန်ထန် ရှုတ်ချပြီး သေဒဏ်ပြစ်ဒဏ်ပေးမှုကို တရားဝင် ဆိုင်းငံ့ထားရေး စင်္ကာပူအာဏာပိုင်တို့ကို တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly