တွန်းဇံမြို့  ၂ ရက်တာ တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် နှင့် ဒေသခံ ကျဆုံး

By ပါခွီး (မဇ္စျိမ)
03 August 2023
တွန်းဇံမြို့  ၂ ရက်တာ တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် နှင့် ဒေသခံ ကျဆုံး

တွန်းဇံမြို့တွင် နှစ်ရက်ဆက် ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်  ချင်းကာကွယ်ရေး ရဲဘော်တစ်ဦးနှင့် ဒေသခံတစ်ဦး ကျဆုံးခဲ့ကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

ချင်းပြည်နယ် ၊တွန်းဇံမြို့ရှိ ရဲစခန်းနှင့် တပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဩဂုတ်လ ၁ရက် ညပိုင်းတွင် ဝင်ရောက်တိုက်ခိုက်စဥ် ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ကျဆုံးမှုများရှိခဲ့သည်။  သြဂုတ်လ ၂ရက်နေ့တွင် နံနက် ၄ နာရီမှ  နံနက် ၇နာရီအထိ အပြန်အလှန်ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားခဲ့ကြောင်း CDF – Hualngoram တပ်ဖွဲ့တာဝန်ရှိသူထံက သိရသည်။ 

“ကျွန်တော်တို့ရဲဘော်တစ်ဦး ညတိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ် ။ ကျည်ဆန် နှစ်တောင့် ဝင်သွားခဲ့တာပါ ။  စကစ ဘက်ကလည်း အရေအတွက်အတည်မပြုနိုင်ပေမယ့် အကျဆုံးများပါတယ်” ဟု ၎င်းက မဇ္စျိမ ကိုပြောသည်။

၎င်းတို့၏ တပ်ဖွဲ့ဝင် ကိုယ်ပိုင်အမှတ် (A0***) လားရမ်းချွမ်နာ (Lalramchuana) သည် တိုင်းပြည်နှင့် လူမျိုးကိုကာကွယ်ရန်တိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့ကြောင်း CDF – Hualngoram က ဩဂုတ် ၂ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲတွင် ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အခြားရဲဘော်တစ်ဦး ဒဏ်ရာ အနည်းငယ်ရရှိကြောင်းသိရပြီး စစ်ကောင်စီတပ်ဖွဲ့အထိအခိုက်ကို မသိရသေးပေ။

ယင်းတိုက်ပွဲအပြီး ရဲစခန်းအနီးနေထိုင်သည့် ဒေသခံ ဇနီးမောင်နှံ ဆိုင်ကယ်ဖြင့် ထွက်ပြေးတိမ်း ရှောင်စဥ် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အမျိုးသား ဖြစ်သူသေဆုံးပြီး အမျိုးသမီးဖြစ်သူမှာ ဝမ်းဗိုက်တွင်ဒဏ်ရာရရှိခဲ့ကာ ဆေးရုံတွင် ကုသခံယူနေကြောင်းသိရသည်။

အဆိုပါတိုက်ပွဲကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ CNA , CDF – Hualngoram , CDF – KKG , CDF – Tonzang နှင့် PDA တပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် တွန်းဇံမြို့ရှိ ဒေသခံပြည်သူများ နေအိမ်စွန့်ခွာ တိမ်းရှောင်နေရကြောင်းဒေသခံ သတင်းအရင်းအမြစ်များအရသိရသည်။

ဇူလိုင်လ ၁၃ရက် မနက် ၁၀နာရီကလည်း တွန်းဇံမြို့ အထက်တန်းကျောင်းတွင် လုံခြုံရေးယူသောတပ်ကို  CDF – Tonzang က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး သေနတ်နှစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly