ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့ခြင်းက တရားဝင်မှုရစေရေး စစ်အုပ်စု၏ ကြိုးပမ်းမှု တစ်စိတ်တစ်ဒေသ ဖြစ်ဟု ကုလသံတမန်ဟောင်း ပြော

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့ခြင်းက တရားဝင်မှုရစေရေး စစ်အုပ်စု၏ ကြိုးပမ်းမှု တစ်စိတ်တစ်ဒေသ ဖြစ်ဟု ကုလသံတမန်ဟောင်း ပြော

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းသည် နိုင်ငံ၏ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာအသိအမှတ်ပြုမှု ရစေရေး အာဏာသိမ်းစစ်ကောင်စီ၏ ကြိုးပမ်းမှု၏ တစ်စိတ်တစ်ဒေသသာ ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးအစီရင်ခံစာ တင်သွင်းသူဟောင်း ဒေါက်တာ ယန်ဟီးလီက ပြောသည်။

ထို လုပ်ဆောင်ချက်အရ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် တကယ်တမ်းတွင် အကြံကုန်နေပြီး ခက်ခဲသော အခြေအနေကို ဖြေရှင်းနိုင်စွမ်း မရှိသည့် အခြေအနေတွင် ရောက်နေသည်ကို ပြသနေကြောင်း သူမက ဩဂုတ် ၁ ရက် CNA ၏ Asia Tonight အစီအစဉ်တွင် ပြောသည်။

“အတုအယောင် စွဲချက်တွေနဲ့ အကျဉ်းချခံထားရတဲ့ အသက် ၇၈ နှစ်အရွယ် အမျိုးသမီးကို ပြစ်ဒဏ်လျှော့ပေါ့တယ် ဆိုတာကို လူမဆန်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ နောင်တရတဲ့ ဒါမှမဟုတ် ပြေငြိမ်းလိုတဲ့ လက္ခဏာတစ်ခုပါတဲ့ လုပ်ဆောင်ချက်တစ်ခုအနေနဲ့ မြင်ကြည့်လို့ မရနိုင်ပါဘူး” ဟု မြန်မာဆိုင်ရာ ကုလအထူးစီရင်ခံစာတင်သွင်းသူအဖြစ် ၂၀၁၄ မှ ၂၀၂၀ အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာ လီက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် စုစုပေါင်းထောင်ဒဏ် ၃၃ နှစ်အထိ စွပ်စွဲချမှတ်ခံထားရသည့် အမှု ၁၉ ခုအနက် ငါးခုကို လွတ်ငြိမ်းစေပြီး သူမ၏ ပြစ်ဒဏ်ကို ခြောက်နှစ် လျှော့ချခံရပြီးနောက်တွင် ဒေါက်တာ လီက အထက်ပါအတိုင်း ပြောခြင်း ဖြစ်သည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တစ်ချိန်တည်း ဖမ်းဆီးခံခဲ့ရသည့် သမ္မတ ဦးဝင်းမြင့်အပေါ် စွဲဆိုပြစ်ဒဏ်ချမှတ်ထားသည့် စွဲချက်များအနက် တချို့အတွက် စစ်ကောင်စီက ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သည်။

နိုင်ငံတစ်ဝန်း ပဋိပက္ခတို့ ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံစီးပွားရေးကလည်း ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် လုံးပန်းနေရစဉ် စစ်ကောင်စီသည် နိုင်ငံကို ထိန်းချုပ်ရန် အပြင်းအထန် ကြိုးပမ်းနေရသည်။

ပြီးခဲ့သည့် တနင်္လာနေ့တွင် စစ်ကောင်စီသည် အရေးပေါ်အခြေအနေကြေညာထားမှုကို နောက်ထပ် ခြောက်လ သက်တမ်းတိုးပြီး ကတိပြုထားသော ရွေးကောက်ပွဲများကို နှောင့်နှေးကြန့်ကြာစေခဲ့သည်။

အကျဉ်းချခံ အရပ်သားခေါင်းဆောင်များကို ပြစ်ဒဏ်လျှော့ပေါ့ခြင်းက မင်းအောင်လှိုင်၏ စိတ် ကစဉ့်ကလျား ဖြစ်နေသည့် နောက်ထပ် အပြုအမူတစ်ခုသာ ဖြစ်ကြောင်းနှင့် စစ်တပ်သည် မတတ်သာသည့်အဆုံး ၎င်းတို့၏ ဆယ်စုနှစ်များကြာ စာအုပ်ကြီးအတိုင်း ကျင့်သုံးနေရကြောင်း ဒေါက်တာ လီက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ပြစ်ဒဏ်လျှော့ပေးတာက ပထမဆုံးအနေနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုတချို့ ရလိမ့်မယ်၊ ပြီးတော့ ပိုအရေးကြီးတာက နိုင်ငံတကာ အသိအမှတ်ပြုမှုကို သူတို့ ရလိမ့်မယ် ဆိုပြီး စစ်ကောင်စီက ထင်နေပါလိမ့်မယ်” ဟု သူမက ပြောသည်။

“အဲဒါက သူတို့ (စစ်အုပ်စု) ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရတစ်ရပ်အဖြစ် နိုင်ငံတကာ အသိအမှတ်ပြုမှု ရနိုင်စေဖို့ ရည်ရွယ်တဲ့ အပေါ်ယံ ရွှေမှုံကြဲ အလွှာတစ်ခုလိုပဲ ဖြစ်တယ်”
လက်ရှိတွင် စစ်ကောင်စီသည် နိုင်ငံကို မထိန်းချုပ်နိုင်တော့ဘဲ နိုင်ငံ၏ နယ်မြေ ၅၀ ရာခိုင်နှုန်းကျော်သည် ပြည်တွင်း တိုင်းရင်းသားအဖွဲ့အုပ်စုများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဟု သူမက မှတ်ချက်ပြုသည်။

စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီတိုင်းတို့ အပြင် ကရင်၊ ကယားနှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ် နိုင်ငံ၏ နယ်မြေအများအပြားသည် စစ်တပ်ထိန်းချုပ်မှုအောက်တွင် အပြည့်အဝ ရှိမနေတော့ဟု မင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံထားရသည်။

အထူးသဖြင့် ယခုနှစ်ကုန်ပိုင်းတွင် ကုလ အထွေထွေ ညီလာခံ အစည်းအဝေးနှင့် အာဆီယံ ထိပ်သီးအစည်းအဝေးတို့ ကျင်းပရန် ရှိနေစဉ် စစ်ကောင်စီက နိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရမှု ရနိုင်စေရေး ရည်မှန်းလျက် ရှိသည်။

“မင်းအောင်လှိုင် လုပ်နေတာတွေက ဆယ်စုနှစ်တွေကြာတဲ့ လှည့်ကွက်တစ်ခုဖြစ်နေတယ်ဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက မျက်စိဖွင့်ပြီး ကြည့်ဖို့ အချိန်ရောက်ပြီလို့ ကျွန်မထင်တယ်။ သူ (မင်းအောင်လှိုင်) က ပြည်သူတွေရဲ့ ထောက်ခံမှုကို ဘယ်တော့မှ ရမှာမဟုတ်တဲ့အတွက် သူအောင်မြင်မှာ မဟုတ်ဘူး” ဟု ဒေါက်တာ လီက ပြောသည်။

ယူကရိန်းစစ်ပွဲနှင့် နှိုင်းယှဉ်ပါက မြန်မာ့အကျပ်အတည်းအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တုံ့ပြန်မှုနှင့်ပတ်သက်၍ အံ့အားသင့်ရကြောင်း ဒေါက်တာ လီက ပြောသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက ယူကရိန်းအတွက် အကူအညီများ ရက်ရက်ရောရော ပေးထားခဲ့ပြီး ယင်းမှာ နိုင်ငံချင်း ကျူးကျော်မှုအဖြစ် ရှုမြင်၍ ဖြစ်သလို ယင်းစစ်ပွဲက ဥရောပတိုက် အနားတွင် ရှိနေ၍ ဖြစ်ကြောင်း သူမက ပြောသည်။

“ဒါပေမယ့် မြန်မာနဲ့ ပတ်သက်လို့ရှိရင် ဒါက အတူတူပါပဲ။ မင်းအောင်လှိုင်နဲ့ စစ်တပ်ဟာ ကိုယ့်ပြည်သူတွေအပေါ် ကျူးကျော်ထားခဲ့တာပါ။ ဒါက အာဏာသိမ်းမှုတစ်ခုသက်သက် မဟုတ်ဘူး” ဟု ဒေါက်တာ လီက ပြောသည်။

“မကြာသေးခင်က ဆိုရင် လစဉ် ပျမ်းမျှ လေကြောင်းတိုက်ခိုက်မှု ၃၀ လောက်ရှိခဲ့တယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် သေကျေ ဒဏ်ရာရသူတွေရဲ့ ၈၅ ရာခိုင်နှုန်းက အရပ်သားတွေဖြစ်ပါတယ်။ လူသန်းချီဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးထားကြရတယ်”

စစ်အုပ်စုသည် ၂၀၁၆၊ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတို့အပေါ် သုံးခဲ့သည့် တူညီသော နည်းဗျူဟာကို အသုံးပြုလျက် ရှိကြောင်းနှင့် ထို ခုနှစ်ကာလများက ရိုဟင်ဂျာတို့၏ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘာသာရေးဝတ်ပြုနေရာများကို မီးရှို့ရန် ၎င်းတို့ကို မောင်းထုတ်ခဲ့ကြောင်း သူမက မှတ်ချက်ပြုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့ခြင်းက စစ်အုပ်စုအပေါ် မြန်မာပြည်သူလူထု၏ ဆန့်ကျင်တွန်းလှန်မှုအပေါ် သက်ရောက်စေလိမ့်မည် မဟုတ်ဟု ဒေါက်တာ လီက ပြောသည်။

“မြန်မာပြည်သူတွေက ရှေ့ဆက်သွားနေကြတယ်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာက အင်မတန့်ကို လေးစားချစ်ခင်ခံနေရဆဲပါ။ ဒါပေမယ့် ခု ဒီတိုက်ပွဲက ပြည်သူတွေရဲ့ တိုက်ပွဲ၊ လူငယ်မျိုးဆက်ရဲ့ တိုက်ပွဲဖြစ်ပါတယ်” ဟု သူမက ပြောသည်။

“ခုချိန်မှာ ပြည်သူတွေဟာ စည်းလုံးညီညွတ်နေကြပါပြီ။ သူတို့ဟာ လူမျိုးစုတွေအသီးသီး၊ မျိုးဆက်အသီးသီးမှာ ခိုင်မာတဲ့ စည်းလုံးညီညွတ်မှုနဲ့ စုစည်းမှုအပေါ် အခြေတည်ထားတာပါ။ ဗမာပြည်သူတွေဟာ တိုင်းရင်းသား လူမျိုးစုတွေ မပါဘဲ သူတို့ဘာသာ ဒီတိုက်ပွဲကို မတိုက်ခိုက်နိုင်ဘူး။ ခုချိန်မှာ တိုင်းရင်းသားလူမျိုးစုတွေဟာလည်း ဗမာတွေ၊ လူငယ်မျိုးဆက်နဲ့ လက်ချင်းတွဲ ပူးပေါင်းလျက် ရှိပါတယ်”

လူငယ်မျိုးဆက်သည် “လွတ်လပ်သော ဒီမိုကရေစီ ဖက်ဒရယ် မြန်မာနိုင်ငံတော်” ဆိုသည့် အိပ်မက်တစ်ခုအတွက် တိုက်ခိုက်နေကြခြင်း ဖြစ်သည်ဟု ဒေါက်တာ လီက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးမှုက လူငယ်တွေရဲ့ စိတ်ခံယူချက်တွေအပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူးဆိုတာက သေချာပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ သူတို့ရဲ့ ဘဝတွေအတွက်၊ သူတို့ မိသားစုတွေ၊ သူတို့ နိုင်ငံ၊ သူတို့ရဲ့ မျှော်လင့်ချက်၊ သူတို့ရဲ့ ရည်မှန်းချက်တွေကို ကာကွယ်ဖို့အတွက် တိုက်ခိုက်နေတာကြောင့်ဖြစ်တယ်” ဟု သူမက ပြောသည်။

Aung San Suu Kyi’s pardon part of Myanmar junta’s attempt to seek legitimacy: Former UN expert
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly