ရွာငံတွင် နေအိမ်မီးရှို့ခံရပြီး အရပ်သား ၃ဦး ဖမ်းဆီးခံရ

By ဂျူချန်း(မဇ္ဈိမ)
02 August 2023
ရွာငံတွင် နေအိမ်မီးရှို့ခံရပြီး အရပ်သား ၃ဦး ဖမ်းဆီးခံရ

ရွာငံမြို့၊ ပဲရင်းတောင်ကျေးရွာနှင့် လွှစင်ကျေးရွာမှ နေအိမ်များကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက  မီးရှို့ခဲ့ပြီး အရပ်သားသုံးဦးကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့သို့  ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်းတွင်  စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများသည် ကားသုံးစီး အင်အား၃၀ ခန့်ဖြင့်ရောက်လာကာ ပဲရင်တောင်ရွာ ဒေသခံ  ကိုရဲလင်းထွန်းနှင့် ကိုသန်းဇော်တို့ကို ၎င်းတို့နေအိမ်အသီးသီးမှ ဖမ်းဆီးခေါ်ဆောင်သွားသည်။ ထိုနောက် ကိုဝင်းဇော်နှင့် ကိုတင်ဦးတို့ကို ဖမ်းဆီးရန် ဆက်လက်ရှာဖွေရာ မတွေ့ရှိ၍ ၎င်းတို့၏ နေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံက မဇ္ဈိမ ကိုပြောသည်။

 ထို့နောက် ၎င်းအဖွဲ့သည် ပဲရင်းတောင်ကျေးရွာအနီးရှိ လွှစင်ကျေးရွာသို့ သွားရောက်ကာ လွှစင်ကျေးရွာမှ နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကိုဝင်းသိန်းဆိုသူကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

“လမ်းဘေးလည်းဖြစ်တော့ ရုတ်တရက်ကြီး ဝင်လာပြီး ဖမ်းသွားတာ။ သူတို့လည်း ရုတ်တရက်ကြီးဆိုတော့ မထင်ထားဘူးပေါ့နော်။ ဖမ်းပြီး အိမ်တွေကို မီးရှို့ပြီး ချက်ချင်းပဲ ပြန်ထွက်သွားတာ။ သူတို့(ကိုဝင်းဇာ်နှင့်ကိုတင်ဦး) ကတော့ ရှောင်နေတာ မတွေ့လို့ အိမ်ကို မီးရှို့သွားတာ” ဟု ဒေသခံက ပြောသည်။

ဖမ်းဆီးခံရသူများသည် သာမာန်အရပ်သားများဖြစ်ပြီး ယနေ့ ဩဂုတ်လ ၂ ရက်နေ့အထိ ပြန်မလွှတ်သေးကြောင်း ၊ မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးသည်ကိုမူ မသိရကြောင်း ၎င်းက ဆိုသည်။

“တကယ်တော့ အဲ့ဒီလူတွေက စစ်ဘေးရှောင်နေရာကနေ အေးဆေးသွားပြီဆိုပြီး ဒီအတိုင်းပြန်နေတာပေါ့နော့်။ တကယ်လုပ်နေတဲ့သူတွေကတော့ ပြန်မနေရဲဘူးလေနော့်။ အခုထိတော့ ပြန်မလွတ်သေးဘူး” ဟု ဒေသခံက ပြောသည်။

 ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) အား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးကြောင်း ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်တွင် ကြေညာပြီးနောက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထိုသို့ ပြုမှုခဲ့ခြင်းဖြစ်သည်။ 

 စစ်ကောင်စီတပ်သည်  ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလက ပဲရင်းတောင် ဒေသခံ ကိုးဦးထက်မနည်းကို  အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ ထို့နောက် ရွာလုံးကျွတ် စစ်ဘေးရှောင်ခဲ့ရပြီး လက်ရှိအချိန်အထိ ရွားသားအားလုံး နေရပ်ပြန်မနေရဲကြသေးဘဲ အချို့တဝက်သာ ကျေးရွာတွင်းသို့ ပြန်လည်နေထိုင်ကြရသေးကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly