ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာပစ္စည်း နေပြည်တော်အချုပ်ထောင်တွင် ဆက်လက်လက်ခံ

By 001 (မဇ္စျိမ)
31 July 2023
ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာပစ္စည်း နေပြည်တော်အချုပ်ထောင်တွင် ဆက်လက်လက်ခံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှသည် နေအိမ်အကျယ် ချုပ်သို့ပြောင်းရွှေ့ထားသည်ဆိုသော်လည်း ထောင်ဝင်စာပစ္စည်းများကိုမူ နေပြည်တော်အချုပ်ထောင်မှာ ပင် စစ်ကောင်စီက ဆက်လက် လက်ခံယူပေးလျှက်ရှိသည်ဟု တရားရုံးနှင့်နီးစပ်သူများက မဇ္ဈိမသို့ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်အား ဇူလိုင်လ ၂၄ ရက်နေ့က နေပြည်တော်အချုပ်ထောင်မှ နေပြည်တော်အတွင်း ဒုဝန်ကြီးအဆင့်နေထိုင်သည့်အိမ်ရာသို့ အကျယ်ချုပ်ပြောင်းရွှေ့လိုက်ကြောင်း သတင်းဌာနများက ကျယ် ကျယ်ပြန့်ပြန့်ရေးသားကြသည်။

သို့သော် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် ထောင်ဝင်စာပစ္စည်းပေးပို့သူများအနေဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်းပေးပို့ရာတွင် ယနေ့ ဇူလိုင် ၃၁ ရက်နေ့ကပေးပို့မှုတွင် နေပြည်တော်အချုပ်ထောင်တွင် သာပေးပို့ခဲ့ရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တဦးက ပြောသည်။ 

အသက် ၇၈ နှစ်အရွယ် အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ကျန်းမာရေးလည်း ကောင်းမွန်သည်ဟု သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ဇမ္မူသီရိမြို့နယ်၊ မြနန်းဘုံသာလမ်းရှိ ခြံအမှတ် A 33 မှ နေပြည်တော်အတွင်း လျှို့ဝှက်နေရာတခုကို ပြောင်းရွှေ့ထားခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန်လ အတွင်း နေပြည်တော်အချုပ်ထောင်သို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒုဝန်ကြီးအိမ်ရာတွင် ရွှေ့ပြောင်းထားသည်ဟု ဘီဘီစီမြန်မာပိုင်းအစီအစဉ်က ဇူလိုင် ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ သတင်းရင်းမြစ်တခုကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နေပြည်တော်ရှိ ဝန်ကြီးများအိမ်ရာသို့ စစ်ကောင်စီက ပြောင်းရွှေ့လိုက်ကြောင်း မဇ္ဈိမသို့ပြောခဲ့သည်။

သို့သော် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ဒေါ်အောင်ဆန်းစုကြည်၏ နေရာပြောင်းရွှေ့ မှုနှင့်ပတ်သက်ပြီး ၎င်းအနေဖြင့် “တစုံတရာကြားသိရခြင်းမရှိကြောင်း” VOA မြန်မာပိုင်းကို ဇူလိုင်လ ၂၈ ရက်နေ့က ပြောသည်။

စာမူတည်းဖြတ်။ ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly