ဆက်ဆံရေး မြှင့်တင်ရန် ဗီယက်နမ်က တွေ့ဆုံလိုဟု ဂျိုးဘိုင်ဒင် ပြော

ဆက်ဆံရေး မြှင့်တင်ရန် ဗီယက်နမ်က တွေ့ဆုံလိုဟု ဂျိုးဘိုင်ဒင် ပြော
Photo-AFP

အမေရိကန်-ဗီယက်နမ် ဆက်ဆံရေး မြှင့်တင်နိုင်ရေး ဆွေးနွေးရန်အတွက် နယူးဒေလီတွင် စက်တင်ဘာလ၌ ကျင်းပမည်ဖြစ်သော ဂျီ ၂၀ အစည်းအဝေး၌ ဆွေးနွေးပြောဆိုရန် ဗီယက်နမ်ခေါင်းဆောင်က တွေ့ဆုံချင်နေသည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဇူလိုင် ၂၈ ရက်တွင် ပြောသည်။

“ဗီယက်နမ်အကြီးအကဲဆီက ကျွန်တော်ဆီ ဖုန်းခေါ်ဆိုပါတယ်၊ ဂျီ ၂၀ ကို ကျွန်တော် တက်ရောက်တဲ့အခါ သူက ကျွန်တော်နဲ့ တော်တော်လေး တွေ့ဆုံချင်နေတယ်၊ ရုရှနဲ့ တရုတ်တို့နဲ့အတူ ကျွန်တော်တို့ကိုလည်း အဓိကမိတ်ဖက်အဖြစ် ဆက်ဆံရေးမြှင့်တင်ဖို့ သူက လိုလားနေတယ်”ဟု မိန်းပြည်နယ် ဖရီးပို့၌ ၂၀၂၄ ရွေးကောက်ပွဲ ပြန်လည်အရွေးခံရရေး စည်းရုံးလှုံ့ဆော်မှုအတွက် အလှူရှင် ဒါဇင်များစွာကို ဘိုင်ဒင်က ပြောခြင်း ဖြစ်သည်။

ငါတကောကောနေသော တရုတ်အား တန်ပြန်ရန် အာရှ၌ မိတ်ဖက်များနှင့် ခိုင်မြဲသော ဆက်ဆံရေးအတွက် အမေရိကန်က ကြိုးပမ်းနေချိန်၌ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင်းနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကင်တို့ ဧပြီလအတွင်းက တွေ့ဆုံရာတွင် နှစ်နိုင်ငံကြား ဆက်ဆံရေး နက်ရှိုင်းရေးကို စိတ်ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြသည်။

ယင်းနောက်၌ ဘလင့်ကင်က နှစ်နိုင်ငံ ဆက်ဆံရေးအတွက် “သီတင်းပတ်များ သို့မဟုတ် လပိုင်းအတွင်း” ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ကြောင်းလည်း ဖော်ပြခဲ့သည်။

ယခု ဘိုင်ဒင်၏ ပြောဆိုချက်နှင့် ပတ်သက်ကာ မှတ်ချက်ပြုရန် ဝါရှင်တန်ရှိ ဗီယက်နမ်သံရုံးက ချက်ချင်း မတုံ့ပြန်ပေ။

ဗီယက်နမ်အနေဖြင့် ပို့ကုန်အတွက် အဓိကတင်သွင်းသည့် အိမ်နီးချင်းနိုင်ငံကြီးဖြစ်သော ရန်လိုသည့် တရုတ်နှင့် အခြား အစဉ်အလာမိတ်ဖက်ဖြစ်သော ရုရှတို့ထံမှ ဘေးအန္တရာယ်များကို သတိထားလျက် ရှိနေရသည့် နိုင်ငံဖြစ်လင့်ကစား အမေရိကန်သည် “မဟာဗျူဟာ” မိတ်ဖက်အဖြစ် ဗီယက်နမ်နှင့် ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းလျက် ရှိနေသည်။

နှစ်နိုင်ငံအနေဖြင့် ရင်းနှီးသော ဆက်ဆံရေး လိုအပ်လိမ့်မည်ဟု တာဝန်ရှိသူများက မပြောကြသော်လည်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် အမေရိကန်က လက်နက်ထောက်ပံ့ခြင်းများ တိုးမြင့်လာနိုင်သည်ဟု အကဲဖြတ်များက ပြောသည်။

အဓိက လက်နက်ထောက်ပံ့သည့် ရုရှထံမှ မှီခိုရမှု လျှော့ချရန် ကြိုးပမ်းနေသော ဗီယက်နမ်အတွက် စစ်ရေးထောက်ပံ့မှုများ မြှင့်တင်ရန် လိုလားကြောင်း အမေရိကန်နှင့် အမေရိကန် ကာကွယ်ရေးကုမ္ပဏီကြီးများက ပွင့်ပွင့်လင်းလင်း ပြောထားသည်။

သို့ရာတွင် ဗီယက်နမ်၏ လူ့အခွင့်အရေး စံနှုန်းကို ဝေဖန်သော အမေရိကန်လွှတ်တော်အမတ်များ၏ ဖြစ်လာနိုင်သော ကန့်ကွက်မှုများအားဖြင့် နှစ်နိုင်ငံကြားက စစ်ရေးသဘောတူညီချက်သည် အခက်အခဲ ရှိနိုင်ဖွယ် ရှိသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required