လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော်-ဆီဆိုင် လမ်းမကြီးများအား ပြန်လည်သွားလာခွင့်ပြု

By ဂျူချန်း(မဇ္ဈိမ)
29 July 2023
လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော်-ဆီဆိုင် လမ်းမကြီးများအား ပြန်လည်သွားလာခွင့်ပြု
ဓါတ်ပုံ-လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းတွင် ပစ်ခတ်ခံရသည့် ကား၊ ဇူလိုင်၂၃ (ပေးပို့)

ကရင်နီပြည်နှင့် ရှမ်းပြည်နယ်ကို ဆက်သွယ်ထားသည့် လွိုင်ကော်-မိုးဗြဲလမ်းပိုင်းနှင့် လွိုင်ကော်-ဆီဆိုင် လမ်းပိုင်းအား သွားလာခွင့် ကန့်သတ်ထားရာမှ ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေ့မှစတင်ကာ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း KNDF B02 မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ကာ လွိုင်ကော်-မိုးဗြဲ လမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီတက်မှ နည်းလမ်းအမျိုးမျိုးဖြင့် သွားလာနေသောကြောင့် ထိုလမ်းပိုင်းအား သွားလာခွင့် ကန့်သတ်ထားခဲ့ရာမှ ယမန်နေ့တွင် ပြန်လည်အသုံးပြုခွင့် ပြုလိုက်ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ ဇူလိုင်လ ၂၇ ရက်နေ့အထိ မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီမှ ခုနစ်ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

လတ်တလောတွင် ထိုလမ်းပိုင်း၌ တိုက်ပွဲငြိမ်နေသည်ဟု ဆိုရသော်လည်း စစ်ရေးတင်းမာနေပြီး တိုက်ပွဲထပ်မံဖြစ်ပွားနိုင်သောကြောင့် ထိုလမ်းပိုင်းအား မဖြစ်မနေအသုံးပြုရမည့် ပြည်သူများအနေဖြင့် သတိထားသွားလာကြရန် KNDF B02 မှ ပြောသည်။

“လက်ရှိ တိုက်ပွဲ ငြိမ်နေပါတယ်ဗျ၊ စစ်ရေး အခြေအနေအရ ပြန်လှည် တင်းမာမှု ဖြစ်နိုင်တဲ့ အနေအထားရှိနေပါတယ်ဗျ။ ဒီလမ်းကြောင်း တွေကို အသုံးပြုချင်ပါက စစ်ရေးသတိ၊ လုံခြုံ‌ရေးသတိဖြင့်  သွားလာနိုင်ပါတယ်ဗျ။ စစ်ရေးတင်းမာမှုများရှိပါက ကျန်တော်တို့အနေနဲ့ ပြန်တင်ပေးခြင်းများ ပြုလုပ်ပေးပါမယ်ဗျ” ဟု KNDF B02 က မဇ္ဈိမ ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းရှိ ဆောင်ကန်း(ရှမ်း) ရွာအနီးတွင် လမ်းပေါ်၌ ဖြတ်သွားသည့် ရေသန့်တင်ကားတစ်စီးအား စစ်ကောင်စီတပ်မှ ပစ်ခတ်ကာ ကားသမားနှစ်ဦးအား တစ်ရက်တာ ထိန်းသိမ်းမှု လုပ်ဆောင်ခဲ့ပြီး ထိုနေ့ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ကားသည် လမ်းမပေါ်တွင် ကျန်နေခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂)၊ တပ်ရင်းအမှတ်(၁၀၀၆) ပြန်ကြားရေးတာဝန်ခံ ကိုပီတာ ထံမှ သိရသည်။

ထို့နောက် ဇူလိုင်လ ၂၄ ရက်နေ့တွင်လည်း လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းအား အသုံးပြုသွားလာနေသည့် ခရီးသည်များအား စစ်ကောင်စီတပ်မှ ရိုက်နှက်စစ်ဆေးကာ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

စစ်ကောင်စီတပ်၏ လွိုင်ကော်မြို့အမြောက်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီး ပစ်ခတ်မှုရှိရာ ဇူလိုင်လ ၂၄ ရက်နေ့တွင် လွိုင်ကော်-မိုးဗြဲလမ်းပိုင်းရှိ မော်ချီးစုစည်းရွာအနီး နွားလဝိုးကျေးရွာရှိ တောင်တန်းသာသနာပြုကျောင်းတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ အဆောက်အဦတစ်ခုလုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

လွိုင်ကော်မြို့တွင် ဇူလိုင်လ ၂၀ ရက်နေ့နှင့် ဇူလိုင်လ ၂၅ ရက်နေ့တို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ရှစ်ဦး ထိခိုက်ဒဏ်ရာရကာ ပဒါးညေးကျေးရွာမှာ ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း KNDF မှ ဇူလိုင်လ ၂၆ ရက်နေ့တွင် ​ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly