ရန်ကုန်၊ ဧပြီ ၅ ။ ။ မြန်မာနိုင်ငံ၏ သြင်္ကန်ပွဲတော် ကျင်းပမှုအပေါ် မူဝါဒအပြောင်းအလဲများကြောင့် ယခုနှစ်ပြည်တွင်းမှ ခရီးသွားလာမှုကို ပိုမိုတွန်းအားဖြစ်စေလာနိုင်ကြောင်း Jovago Myanmar ၏ မန်နေးဂျင်းဒါရိုက်တာ Hugo Schleicher ကပြောသည်။
ပြင်သစ်အခြေစိုက် အွန်လိုင်း ဟိုတယ်အခန်းငှားဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်း Jovago တွင် ယခုနှစ် သြင်္ကန်ကာလအတွက် အခန်းကြိုတင် ဌားရမ်းမှုများ မြင့်တက်လာသည်ကိုတွေ့ရကြောင်း ၎င်းက ဆိုသည်။
လွန်ခဲ့သည့်လများကတည်းက ကြိုတင်ဌားရမ်းမှုများ ရှိခဲ့ပြီး ယခုအချိန်တွင် ဟိုတယ်အခန်း ကြိုတင်ဌားရမ်းမှု ၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း Jovago ဟိုတယ်အခန်းငှားဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်း၏ ဖေါ်ပြချက်တွင် သိရသည်။
“သြင်္ကန်မဏ္ဍပ်တွေ စီးပွားဖြစ်ဆောက်လုပ်ခွင့်မပြုတော့တဲ့နောက်မှာ ခရီးသွားလာမှုကို ပိုမိုတွန်းအား ဖြစ်ပေါ်စေပြီး ဟိုတယ်အခန်းတွေ ကြိုတင်ဌားရမ်းမှုက မြင့်လာနေပါတယ်။ ်”ဟု Jovago Myanmar ၏ မန်နေးဂျင်းဒါရိုက်တာ Hugo Schleicher ကပြောသည်။
ယခုကဲ့သို့ အပြောင်းအလဲများကြားတွင် အွန်လိုင်းမှ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများသည် သြင်္ကန်ရုံးပိတ်ရက် အတွင်း အထူးသက်သာသော ဈေးနှုန်းများဖြင့် Promotion များပြုလုပ်ခြင်း၊ မြိတ်ကျွန်းစု ခရီးစဉ်၊ကော့သောင်း ခရီးစဉ်နှင့် ဧရာဝတီတိုင်းဒေသကြီး ငရုပ်ကောင်းဒေသတွင် ဂေါ်ရင်ဂျီကျွန်းကဲ့သို့သော သဘာဝအခြေခံ ပင်လယ်ကမ်းခြေ ခရီးသွားလုပ်ငန်းများသည် လူအများ၏ စိတ်ဝင်စားမှုပိုမိုလာ သည်ကိုတွေ့ရကြောင်း ၎င်းကဆိုသည်။
Jovago နှင့် ချိတ်ဆက်ထားသော ဟိုတယ်အများအပြားသည် ယခုနှစ် အထူးအစီအစဉ်အဖြစ် သြင်္ကန်ပွဲတော် လေးရက်အတွင်း တည်းခိုနေထိုင်ခြင်းအတွက် တစ်ရက်တာ အခမဲ့ တည်းခိုနေထိုင်ခွင့်နှင့် ဈေးနှုန်းလျော့ချ ပေးခြင်းများဖြင့် ယခုနှစ် အထူးအစီအစဉ်များစတင်လျက်ရှိပြီး ကန်တော်ကြီးပတ်လမ်း၊ ပြည်သူ့ရင်ပြင်နှင့် ပြည်လမ်းတစ်လျှောက်ရှိ ဟိုတယ်များပါဝင်ကြမည်ဖြစ်ကြောင်း Jovago ၏ Revenue Manager မစန္ဒီမေဒေးက ပြောသည်။
မြန်မာနိုင်ငံ၏ ခရီးသွားလာမှုလုပ်ငန်းမှာ တိုးတက်လာနေပြီး ပြီးခဲ့သည့်နှစ်တွင် ခရီးသွားဧည့်သည် ၄ ဒသမ ၇ သန်းဝင်ရောက်မှုရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလျံအထိရှိခဲ့သည်။