အင်းတော်မြို့နယ်တွင် စစ်ရှောင်ဒေသခံ ၂ ဦး မိုင်းထိသေဆုံး

By ကိုခင်မောင် (မဇ္စျိမ)
28 July 2023
အင်းတော်မြို့နယ်တွင် စစ်ရှောင်ဒေသခံ ၂ ဦး မိုင်းထိသေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ၊ အင်ပင်ရွာ၌  ဇူလိုင်လ ၁၇ရက်နေ့တွင် စစ်ဘေးရှောင်နှစ်ဦး မိုင်းထိသေဆုံးသွားကြောင်း Indaw Revolution -IR အဖွဲ့က ယမန်နေ့ ဇူလိုင်လ ၂၇ရက်တွင် သတင်းထုတ်ပြန်သည်။

“စစ်ရှောင်ပြည်သူနှစ်ယောက်၊ သူတို့က အင်းတော်နားလေးမှာ အိမ်ငှားပြီးစစ်ရှောင်နေတာ။ သူတို့က နံ့သာဘက်ကို သုံးဘီးနှင့် ဝက်ပို့သွားရင်းနဲ့ သူတို့ရဲ့လယ်ကို သွားကြည့်တာ အဲဒီလယ်နားလေးမှာမိုင်းမိပြီးတော့ ပွဲချင်းပြီးသေသွားတာ။  အပိုင်းပိုင်းပြတ်သွားတာပါ” ဟု Indaw Revolution – IR အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

မိုင်းထိသေဆုံးသူနှစ်ဦးသည် အင်းတော်မြို့နယ် နန့်သာရွာသား အသက် ၃၀နှစ်အရွယ် ကိုပေါ်လွင်ဦး နှင့် အင်ပင်ရွာသား ကိုမျိုးမြင့် တို့ဖြစ်ကြပြီး မော်တိတ်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေ၍ အင်းတော်မြို့အနီးတွင် စစ်ဘေးတိမ်းရှောင်နေကြသူများ ဖြစ်သည်ဟု ဆိုသည်။

အဆိုပါမိုင်းသည် မည်သည့်အဖွဲ့မှ ထောင်ထားသောမိုင်းဖြစ်သည်ကိုမူ မသိရသေးကြောင်းလည်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုနှစ် မတ်လ ၂၀ရက်မှ စ၍ ယနေ့အချိန်ထိ အင်းတော်မြို့နယ် ၊ မော်တိတ်ဒေသရှိ ကျေးရွာအချို့တွင် တပ်စွဲနေသည့်အတွက် အောင်းကုန်း၊ အင်ပင်၊ နန့်သာ၊ မော်တိတ်၊ ရွာသာယာ စသည့်ကျေးရွာများမှ ဒေသခံ ၅,၀၀၀ကျော်သည်  ဘေးလွတ်ရာသို့ စစ်ဘေးတမ်းရှောင်နေရကြောင်း သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly