မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကို KIA နှင့် KPDF တို့ ပူးပေါင်းတိုက်ခိုက်မှု  ၃ ဦးသေဆုံး

By MTO (မဇ္စျိမ)
27 July 2023
မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကို KIA နှင့် KPDF တို့ ပူးပေါင်းတိုက်ခိုက်မှု  ၃ ဦးသေဆုံး

မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့အား ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် မိုင်းမိတ်ခရိုင် KPDF ပူးပေါင်းတပ်ဖွဲ့များမှ ၁၂ ရက်အတွင်း လေးကြိမ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးခဲ့ ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၂ ရက် နံနက် ၄ နာရီ ၂၃ မိနစ်တွင် မိုးကုတ်မြို့ အနောက်ပိုင်းကျပ်ပြင်ရဲစခန်းကို KIA နှင့် KPDF ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင်တဦးသေဆုံးပြီး သုံးဦးဒဏ်ရာ အပြင်းအထန် ရရှိခဲ့ ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဇူလိုင်လ ၁၂ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသော မိုးကုတ်မြို့နယ်၊ ဗန်မွန် ကျေးရွာမှ မဏိသာရဘုန်းကြီးကျောင်းကို ပူးပေါင်းအဖွဲ့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မိုးမိတ် ခရိုင်တပ်ရင်း KPDF က ထုတ်ပြန်ထားသည်။

ထို့အတူ ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းကလည်း မိုးကုတ်မြို့အနောက်ပိုင်း ကင်းတောရဘုန်းကြီးကျောင်း ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကိုသွားရောက်တိုက်ခဲ့ရာ၌ တဦးသေဆုံးကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်း၌  မိုးကုတ်မြို့ အနောက်ပိုင်းရှိဂွေးပင်တပ်ကို ပူးပေါင်း တပ်ဖွဲ့များမှ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ၌ စစ်ကောင်စီဘက်မှတဦးသေဆုံးပြီး နှစ်ဦးထက်မနည်း ဒဏ်ရာ ရရှိသွားကြောင်း မိုးမိတ်ခရိုင် KPDF ၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

၁၂ ရက်တာကာလအတွင်း တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ရာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် မိုးမိတ်ခရိုင် KPDF ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း မိုးမိတ်ခရိုင် KPDF အဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့၏သေဆုံးမှုများနှင့်ပတ်သတ်၍ မဇ္ဈိမအနေဖြင့် အတည်ပြုချက်ရရှိရန် ဒေသတွင်း အဖွဲ့များအား ဆက်သွယ်နေဆဲဖြစ်သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly