ဆောမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ဦးသေဆုံး ဟုဆို

By ပါခွီး (မဇ္စျိမ)
27 July 2023
ဆောမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ဦးသေဆုံး ဟုဆို

ဆောမြို့နယ်သို့  ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်း နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးကြောင်း PDF စစ်ရုံးချုပ်က ယနေ့ ဇူလိုင်လ ၂၇ရက်တွင်ထုတ်ပြန်သည်။

မကွေးတိုင်း ၊ ဆောမြို့နယ် ၊ ကန်ချောင်းရွာအနီး ဒေသအခေါ် မြင်းကာတောင်ခြေသို့ ရောက်ရှိနေသည့် အင်အား ၁၃၀ခန့်ရှိ စစ်ကောင်စီတပ်နှင့် ဇူလိုင်လ၂၆ရက် နေ့လယ်၂ နာရီ ၁၅မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

သုံးနာရီကျော်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရသည်။

“ကန်ပက်လက်ကနေ တပ်ချိန်းသွားတဲ့စစ်ကြောင်းပါ။  ကျောက်ထုဘက်ကို ဦးတည် သွားနေတာ” ဟု CDF – Kanpetlet ခေါင်းဆောင်က မဇ္စျိမကို ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါ်ခရိုင်အမှတ် (၃ ၊ ၅ ၊ ၈ ၊ ၁၃) တပ်ရင်း ၊ CDF – Mindat ၊ CDF – Kanpetlet ၊ PDF ဆော(YPRA) YDF Saw အဖွဲ့များ ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် ကျောက်ထုမှ ကန်ပက်လက်မြို့သို့ တပ်ချိန်းရန် လာရောက်ခဲ့ခြင်းဖြစ်ပြီး အသွားလမ်းတွင်း အနည်းဆုံး သုံးကြိမ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သား ၂၀ဦးခန့်သေဆုံးခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်များထံက သိရသည်။

ဆော - ကျောက်ထုလမ်းပိုင်း ၊ ပေါက်တော - ကံချောင်းလမ်းပိုင်း ကို ပြည်သူများ အနေဖြင့် အသုံးမပြုကြရန် ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly