ချောက်မြို့ရှိ  မြန်မာ့စီးပွာရေးဘဏ် ကင်းဂိတ်စခန်း တိုက်ခိုက်ခံရ

By MTO (မဇ္ဈိမ)
27 July 2023
ချောက်မြို့ရှိ  မြန်မာ့စီးပွာရေးဘဏ် ကင်းဂိတ်စခန်း တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် ကင်းဂိတ်စခန်းကို ဇူလိုင်လ ၂၆ ရက်၊ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chauk Guerrilla Force မှ ထုတ်ပြန်သည်။

လက်ပစ်ဗုံးနှစ်လုံး ပစ်သွင်းတိုက်ခိုက်ခဲ့သော်လည်း တစ်လုံးသာပေါက်ကွဲခဲ့ပြီး တစ်ဦးထိမှန်လဲကျသွားသည်ကို မြင်တွေခဲ့ကြောင်းလည်း ယင်းအဖွဲ့ကဆိုသည်။

 “စစ်သားတွေနေတဲ့ တဲအတွင်းသို့ကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက်ဒဏ်ရာများနိုင်ပါတယ်၊ တစ်ဦးနေရာတွင် လဲကျသွားတာ ကိုယ်မျက်မြင်တွေ့ရှိရပြီး သေမသေတော့ အတိအကျ မသိရသေးဘူး“ ဟု Chauk Guerrilla Force မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့သည် ပြန်လည်ပစ်ခတ်ခြင်းမရှိခဲ့သော်လည်း ပစ်ခတ်မှုဖြစ်ပြီးနောက် မြို့ အဝင်၊ အထွက်များကို ပိတ်ဆို့စစ်ဆေးနေကြာင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ချောက်မြို့ပေါ် ဂိတ်များဖွင့်လှစ်၍ ပြည်သူများကိုစစ်ဆေးခြင်း၊ ရိုက်နှက် ခြင်းများပြုလုပ်နေပြီး မတရားဖမ်းဆီး ငွေတောင်းခံခြင်းများလည်းရှိနေကြောင်း Chauk Guerrilla Force  အဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။

 “အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းစီးတာတွေ အကြောင်းမဲ့ ရိုက်နှက်တာတွေ သူတို့ချထားတဲ့ဂိတ်တွေရှေ့ ဆိုင်ကယ်မောင်းမိတာတွေဆိုရင် ထိုင်ထတွေ၊ ရိုက်နှက်တာတွေလုပ်တယ်လို့ သိရပါတယ်” ဟု ၎င်းကဆိုသည်။

တရားမဝင်စစ်ကောင်စီမှ ၎င်းတို့လုပ်ပိုင်ခွင့်မရှိသော ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမှုသည် ပြည်သူများကိုပိုမိုဒုက္ခရောက်စေပြီး ငွေကြေးဖောင်းပွမှုကိုဖြစ်စေသောကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း Chauk Guerrilla Force ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုတိုက်ခိုက်မှုကို Chauk Guerrilla Force ၊ ချောက် (ပ.က.ဖ) နှင့် Burma Revolution Rangers အဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း Chauk Guerrilla Force က ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly