ကျွန်းစုမြို့  ရှော်တောမော်ကျေးရွာ ရဲစခန်း တိုက်ခိုက်ခံရ

By ကိုရွှေမြိတ် (မဇ္ဈိမ)
26 July 2023
ကျွန်းစုမြို့  ရှော်တောမော်ကျေးရွာ ရဲစခန်း တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း ၊ မြိတ်ခရိုင် ၊ ကျွန်းစုမြို့နယ် ၊ ဘဒ္ဒနဲကျေးရွာအုပ်စု၊  ရှော်တောမော် ကျေးရွာ ရဲစခန်းကို ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ် အချိန်တွင် သွားရောက် အလစ်အငိုက် ပစ်ခတ်ခဲ့ကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) ကထုတ်ပြန်ထားသည်။

အဆိုပါ ကျေးရွာ ရဲစခန်းတွင် ရေတပ်အရာရှိ တစ်ဦး ရောက်ရှိနေသည်ဟု သတင်း သိရှိရ၍ သွားရောက် ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ ပြန်ကြားရေး တာဝန်ခံထံက သိရသည်။

“စကစ ရေတပ်က CO အဆင့်ရှိ အရာရှိ တစ်ဦး ခုရက်ပိုင်း ရောက်ရှိ နေတယ်လို့ သိရလို့ လျှပ်တစ်ပြက် ဝင်ပစ်တယ် ဆိုတော့ ထိဖို့က ရာခိုင်နှုန်း နည်းပါလိမ့်မယ် ထိခိုက်သေဆုံးမှုတော့ မကြားရသေးဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ထိခိုက်မှု မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့နယ်သည် ပင်လယ်ပိုင်း ဒေသဖြစ်ပြီး စစ်ကောင်စီ၏ ရေတပ်စခန်း အခြေစိုက်ရာ မြို့လည်း ဖြစ်ကာ ကျေးရွာ အများစုတွင် ပျူစောထီး အင်အား အားကောင်းသည့် မြို့လည်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly