ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေ

By ကိုဇာနည် (မဇ္စျိမ)
26 July 2023
ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံနှင့်လွိုင်ကော် အဝေးပြေးလမ်းမကြီးပေါ်  ရှမ်း-ကယားနယ်စပ်ရှိ ကျေးရွာများသို့ ဇူလိုင်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်နေရာယူထားပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ် မိုးဗြဲ (၄၂၂) တပ်ရင်းမှ စစ်ကား ၆၀ စီးကျော် အင်အားအလုံးအရင်းဖြင့် ရှမ်း-ကယားနယ်စပ်ရှိ ကျေးရွာများသို့ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

" ဇူလိုင်လ ၂၀ ရက်ကနေစပြီး ဒီရက်အထိပေါ့၊ စစ်ကြောင်းထိုးလာတာ တွေ့ရတယ်။ အင်အားအများဆုံးက၂၄ ရက်နေ့မှာ မနက်ကနေ ည ၆ နာရီကျော်အထိ တစ်နေကုန် စစ်ကြောင်းထိုးလာတယ်၊ မနက်အစော ဆောင်းကန်းဖက်ကို ခြေလျင်နဲ့ တစ်ဖွဲ့သွားတယ်၊ အနောက်မှာက စစ်ကားနဲ့ အစီး ၆၀ ဆယ်ကျော်လောက်ရှိမယ်၊ လူတွေသွားပို့တာ တချို့က လမ်းမကြီးအတိုင်း သွားလိုက်ပြန်လာလိုက် လုပ်နေတာတွေ့ရ တယ်၊ တစ်အောင့်လောက်နေတော့ ဆောင်ကန်းဖက်မှာရော၊ သတ္တုသန့်စင်စက်ရုံဖက်မှာရော လက်နက်ကြီး လက်နက်ငယ်သံ တစ်နေကုန်ကြားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကြောင်းထိုးနေစဥ် ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖက်က သေဆုံးမှုများရှိကာ လက်နက်ခဲယမ်းတချို့ကိုလည်းသိမ်းရမိသည်ဟု သတင်းအရင်းအမြစ်တစ်ခုထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ရှမ်း-ကယားနယ်စပ်၊ လွိုင်ကော်မြို့နယ်ကို ထိန်းချုပ်နိုင်ရန်အတွက် တပ်အင်အား အလုံးအရင်းချထားပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် နေ့စဥ်တိုက်ပွဲပြင်းထန်နေကာ နယ်စပ်ရှိ ကျေးရွာတော်တော်များများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့တွင်လည်း ရှမ်းကယားနယ်စပ်ရှိ ပီကင်းကောခူနှင့် ဝါရီကောခူကျေးရွာကြားမှာ စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဗီဒီယို - ဇူလိုင်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာသည့် ယာဥ်တန်းမြင်ကွင်း။

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required