ကျပ် ၂၀,၀၀၀ တန် ထုတ်ဝေမည့်သတင်းကြောင့် ရန်ကုန်ရှိ အိမ်ခြံမြေ၊ ရွှေနှင့် ကား အရောင်းအဝယ်များ ရပ်ဆိုင်းထားရဟုဆို

By ဂန္ဒမာ ၊ 001 (မဇ္ဈိမ)
25 July 2023
ကျပ် ၂၀,၀၀၀ တန် ထုတ်ဝေမည့်သတင်းကြောင့် ရန်ကုန်ရှိ အိမ်ခြံမြေ၊ ရွှေနှင့် ကား အရောင်းအဝယ်များ ရပ်ဆိုင်းထားရဟုဆို
ဓာတ်ပုံ- ရန်ကုန်မြို့မြင်ကွင်း

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမည်ဟု ကြေညာ ချက်ထွက်ပေါ်ပြီးနောက် ရန်ကုန်ရှိ အိမ်ခြံမြေ၊ ရွှေနှင့်ကား အရောင်းအဝယ်များ ရပ်ဆိုင်းထားကြောင်း သက်ဆိုင်ရာ အကျိုးဆောင်၊ ပွဲစားများထံမှ သိရသည်။

“လကုန်ကြရင် ကျပ် ၂၀,၀၀၀ တန်ထွက်မယ်ဆိုပြီး ကြေညာပြီးတဲ့အချိန်မှာ ကားဈေးကွက်က လုံးဝ အရောင်းအဝယ်ရပ်သွားတယ်။ လုံးဝရောင်းမယ့်သူမရှိ၊ ရောင်းမယ့်ကား‌တွေကလည်း အရောင်းတွေရပ် ပစ်လိုက်တယ်။ ရောင်းမယ်ဆိုပြီး စရံချထားတဲ့ကားတွေဆိုလည်း ပိုင်ရှင်တွေက စရံနှစ်ဆပြန်ပေးပြီး မရောင်းတော့ဘူး” ဟု ရန်ကုန်မှကားပွဲစားတဦးက ၎င်းကြုံတွေ့ရသည်ကို ပြောသည်။

ထို့အတူ အိမ်ခြံမြေ ဈေးကွက်တွင်လည်း အရောင်း၊ အငှား ရပ်တန့်သွားကြောင်း အကျိုးဆောင်တဦးက ရှင်းပြသည်။

“အိမ်ဈေးကွက်ကလည်း ရောင်းမယ့်အခန်းတွေ လုံးဝမရှိတော့ဘူး။ ငှားမယ့်အိမ်ပိုင်ရှင်တွေကလည်း အငှားရပ်လိုက်တယ်။ လုံးဝရပ်တန့်သွားတဲ့အထိ ဖြစ်သွားတယ်နော် ဒီရန်ကုန်မြို့မှာ” ဟု ပြောသည်။

ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထုတ်ဝေသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ထုတ်ပြန်ပြီးနောက် ရန်ကုန်မြို့ရှိ ရွှေဈေးကွက်မှာလည်း ၁၅ ပဲရည်သာ အရောင်းအဝယ်ဖြစ်၍ ၁၆ ပဲရည်ကို အရောင်းအဝယ် ပြုလုပ်သူမရှိကြောင်း သိရသည်။

“တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ရွှေဈေးကွက်ဟာ ၂၀,၀၀၀ တန်ဂယက်ကြောင့် အားလုံးစောင့်ကြည့်နေတဲ့ အခြေအနေပေါ့။ မနေ့ကတော့ ၁၆ ပဲရည်ဝယ်လို့ ဘယ်မှာမှ မရတော့ဘူး။ လက်သိပ်ထိုးဝယ်တဲ့ လက်ကြီး သမားဆီမှာလည်း မရောင်းကြတော့ဘူး။ အဖမ်းအဆီးတွေကြမ်းလို့ အရောင်းအဝယ်မလုပ်ကြဘူး” ဟု ရွှေလုပ်ငန်းရှင်တဦးက ပြောသည်။

ဇူလိုင်လ ၂၃ ရက်နေ့တွင် ရွှေဈေးကွက်အနေအထားမှာ တရုတ်တန်း ရွှေဆိုင်တန်းတွင် ၁၅ ပဲရည်ကို ၁၀ နာရီဝန်းကျင်၌ ၃,၁၃၀,၀၀၀ ကျပ်အဖွင့်ဈေးရှိခဲ့ပြီး ၁၆ ပဲရည်မှာ အရာင်းအဝယ် ရပ်ဆိုင်းထားသည်ဟု ဆိုသည်။

အဆိုပါနေ့တွင်ပင် နံနက် ၁၁ နာရီဝန်းကျင်၌ ၁၅ ပဲရည်မှာ ၃,၁၉၀,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း ပြောသည်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမည့်ကြေညာချက်ကြောင့် ရုတ်ချည်းဆိုသလို ရန်ကုန်ရှိ အိမ်ခြံမြေ ၊ ရွှေနှင့် ကားဈေးကွက်တို့မှာ အရောင်းအဝယ်အားလုံးနီးပါးရပ်တန့်သလိုဖြစ်ပခဲ့ပြီး အဆိုပါလောကသား များမှာလည်း အများနည်းတူ စောင့်ကြည့်အနေအထားသာ တတ်‌နိုင်ကြောင်း ဆိုကြသည်။

အဆိုပါ ငွေကျပ် ၂၀,၀၀၀ တန်ထုတ်ဝေမည့်သတင်းကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် လည်း ယမန်နေ့က ၁၅ ပဲရည်တစ်ကျပ်သားကို ကျပ် ၃၃ သိန်းဝန်းကျင်၊ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ် ၃၅ သိန်းမှ ၃၆ သိန်းဖြင့် စျေးဖွင့်ခဲ့သော်လည်း အရောင်းရပ်နားခဲ့ကြောင်း ရွှေဝယ်သူတဦးကပြောသည်။

“ဟုတ်တယ် မနေ့က အရောင်းတွေပိတ်တယ်။ အချင်းချင်း နားလည်မှုနဲ့ရောင်းပေးတာတော့ရှိတယ်” ဟု ဆိုသည်။

ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အကယ်ဒမီ မီးလင်းရွှေစျေး ကို ကျပ် ၂၃ သိန်းကျော်ဖြင့် ရည်ညွှန်းစျေးဖွင့်ခဲ့သော်လည်း နေပြည်တော်ရှိ ပြင်ပရွှေဆိုင်များတွင် မွန်းလွဲ ပိုင်းအထိ စျေးကွက်ဖွင့်နိုင်ခြင်းမရှိသေးကြောင်း ရွှေဆိုင်များထံမှ သိရသည်။

ငွေစက္ကူသစ်အား နေပြည်တော်တွင်တည်ထားကိုးကွယ်သည့် ဗုဒ္ဓရုပ်ပွားတော်တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ဆင်ဖြူတော်၏ တနှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်က ကြေညာချက်တွင်ထည့်သွင်းဖော်ပြထားသည်။

သိုသော်လည်း စီးပွားရေးကမောက်ကမဖြစ်ရမှုကြောင့် လက်ရှိအချိန်တွင် ငွေစက္ကူ ၂၀,၀၀၀ တန် ထုတ် ဝေမည်ဆိုသောသတင်းမှာ ပြည်သူများအကြား ဝေဖန်မှုမြင့်တက်လျက်ရှိသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly