စစ်ကောင်စီနှင့် မပတ်သက်ရန် မြိတ်မြို့ရှိ ပရဟိတအဖွဲ့ ၅ ဖွဲ့ကိုကာကွယ်ရေးတပ်ဖွဲ့ သတိပေး

By ကိုရွှေမြိတ်(မဇ္ဈိမ)
25 July 2023
စစ်ကောင်စီနှင့် မပတ်သက်ရန် မြိတ်မြို့ရှိ ပရဟိတအဖွဲ့ ၅ ဖွဲ့ကိုကာကွယ်ရေးတပ်ဖွဲ့ သတိပေး

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အခြေစိုက် ပရဟိတအသင်းအဖွဲ့ ငါးဖွဲ့ကို စစ်ကောင်စီတပ်ဖွဲ့နှင့် ဆက်နွယ်နေသည်ဟုဆိုကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇူလိုင်လ ၂၄ ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်သည်။

အဆိုပါ ပရဟိတအသင်းအဖွဲ့ ငါးဖွဲ့ သည် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုနှင့် အခြားသောပတ်သက်ဆက်နွယ်မှုများရှိနေပြီး ဆက်လက်၍ အားပေးကူညီမှုများ မပြုလုပ်ရန်အတွက် သတိပေးခြင်းဖြစ်သည်ဟု မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဲဒီအသင်းတွေက လက်ရှိ စကစ(စစ်ကောင်စီ) လက်နက်ခဲယမ်းတွေကို တင်ပို့ပေးနေတာ တွေ့ရှိရသလို စကစတပ်ဖွဲ့ဝင်တွေကိုလည်း ပို့ဆောင်ပေးနေတာ တွေ့ရတယ်။ နောက်ပြီး ပြီးခဲ့တဲ့အပတ်ကလည်း  နာရေးအသင်းကားနဲ့ ပုလောဖက်ကို လက်နက်ခဲယမ်းတွေ တင်ပို့ပေးခဲ့တာ တွေ့ရတယ်”ဟု မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

သတိပေးခံရသည့် ပရဟိတအဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ  မဟုတ်မမှန် စွပ်စွဲခံရခြင်းသာဖြစ်ပြီး ပုံမှန်အတိုင်း ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟုဆိုသည်။

“တစ်စုံတစ်ဦးရဲ့စကားကြောင့်ဆိုရင်တော့ ဒီစာထုတ်တာဟာ လက်နက်ကိုင်ပြီး ပြည်သူကို ဆန့်ကျင်တာနဲ့ အတူတူပဲ”ဟု ၎င်းက ပြောသည်။

မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ ၎င်းတို့သတိပေးချက်ထုတ်ပြန်ပြီးသည့်နေ့မှစ၍ အဆိုပါပရဟိတအသင်းအဖွဲ့ ငါးဖွဲ့အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို အားပေးကူညီမှု လုံးဝ(လုံးဝ) မပြုလုပ်ရန် အသိပေးထားသည်။မလိုက်နာဘဲ စစ်ကောင်စီတပ်ဖွဲ့အား ဆက်လက်အားပေးကူညီနေမည်ဆိုပါက စစ်ရေးအရ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။    ။ မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly