ရဲစခန်းအနီး ဆေးဆိုင် ဓားပြတိုက်ခံရ သိန်း ၈၀၀ ခန့် ပါသွားဟုဆို

By 007 (မဇ္ဈိမ)
25 July 2023
ရဲစခန်းအနီး ဆေးဆိုင် ဓားပြတိုက်ခံရ သိန်း ၈၀၀ ခန့် ပါသွားဟုဆို
ပုံစာ။      ။ဓားပြတိုက်ခံရသည့် ဂျီ၀မ်းဆေးဆိုင်။

မန္တလေးတိုင်း၊  အောင်မြေသာစံမြို့နယ်အတွင်းရှိ ရဲစခန်းအနီး ဆေးဆိုင်တစ်ဆိုင် ယမန်နေ့ ဇူလိုင်လ ၂၄ ရက် ည ၉ နာရီခန့်က ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၃၀၀ နှင့် ကျပ်သိန်း ၅၀၀ခန့် တန်ဖိုးရှိသော ရွှေထည်ပစ္စည်းများ ပါသွားကြောင်း သတင်းရရှိသည်။

“ဆိုင်ပိတ်နေတုန်း လူငါးယောက် ရောက်လာပြီး စစ်ဆေးစရာရှိတယ် အကုန်ငြိမ်ငြိမ်နေဆိုပြီး ဓားပြတိုက်သွားတာ၊ ဆိုင်ထဲရှိသမျှလူတွေကို မှောက်ခိုင်းပြီး ရောင်းရငွေတွေနဲ့ ရွှေထည်တွေပါ ယူသွားတာလို့ ဆိုင်ရှင်ဘက်ကပြောတယ်၊ ဓားပြတိုက်ခံရတဲ့ဆေးဆိုင်က အမှတ်(၁)ရဲစခန်းနဲ့ သိပ်မဝေးဘူးဗျ” ဟု ဆိုင်ပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အောင်မြေသာစံမြို့နယ်၊ ၆၂ လမ်း ၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြား ၊ အ်ိမ်အမှတ်(၂၁၂/A) ၊ အိမ်ရှင်ဦးဂျီ၀မ်းဆိုသူ၏ ဂျီ၀မ်းဆေးဆိုင်ကို ယမန်နေ့က အိမ်စီးကား(Honda Fit အဖြူရောင်)ဖြင့် ရောက်လာသော လူငါးဦးက ဝင်ရောက်ဓားပြတိုက် သွားခြင်းဖြစ်ကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုက်အ၀န်းထံမှ သိရသည်။

မျက်နှာတွင် Mask တပ်ထားသူ ငါးဦးအနက် နှစ်ဦးသည် သေနတ်အရှည်တစ်လက် အတိုတစ်လက် အသီးသီးကိုင်ဆောင်ကာ ဆိုင်အတွင်း၀င်ရောက်လာကြောင်း၊ ၀န်ထမ်းလေးဦးအား သေနတ်ဖြင့် ချိန်ရွယ်ကာ မှောက်ခိုင်းကြောင်း၊ ထို့နောက် ဆိုင်အတွင်းရှိရောင်းရငွေ သိန်း ၃၀၀ ကျပ်နှင့် အလေးချိန်ငါးမူးသားရှိသော ရွှေဘယက် နှစ်ခု၊ အလေးချိန်ငါးမူးသားရှိသော ရွှေလက်ကောက် ၁၀ ကွင်း၊ ရွှေချိန် ၁၀ ကျပ်သားရှိသော ရွှေတုံးတစ်တုံး၊ နားကပ် ခြောက်ရံ စုစုပေါင်း သိန်း ၈၀၀ ခန့် ယူဆောင်သွားကြောင်း၊ ဓားပြများသည် ဆိုင်အတွင်းရှိ CCTV နှင့် ဆက်စပ်ပစ္စည်းများကိုလည်း ယူဆောင်ကာ ၆၂ လမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း ရဲမှတ်တမ်းကိုကိုးကား၍ နီးစပ်သူတစ်ဦးက ပြောသည်။

ဓားပြတိုက်ခံရမှုနှင့်ပတ်သက်၍ အိမ်ရှင်ဖြစ်သူက နယ်မြေခံရဲစခန်းတွင် အမှုဖွင့်ထားပြီး စစ်ကောင်စီ၏ သတင်းများကို ဝါဒဖြန့်ပေးနေသည့် မီဒီယာများတွင် PDF များက ပြုလုပ်ခြင်းဖြစ်သည်ဟု ရေးသားဖော်ပြကြသည်။

“ဆိုင်ရဲ့တည်နေရာကိုပြောရရင် အနောက်ဘက်မှာ စစ်အုပ်စုအထိုင်ချထားတဲ့ တိုင်းအစိုးရရုံးရှိတယ်၊ တိုင်းအစိုးရရုံးနဲ့ မလှမ်းမကမ်းမှာ အမှတ် (၃)ရဲစခန်းရှိတယ်၊ ဆိုင်ရဲ့တောင်ဘက် ၂၆ လမ်းမီးပွိုင့်ရဲ့ အရှေ့ဘက်ကြည့်လိုက်ရင် အမှတ်(၁)ရဲစခန်းပဲ၊ ဒီလိုအခြေအနေမျိုးကို ဘယ်သူက အတင့်ရဲပြီး ဓားပြ၀င်တိုက်ရဲမလဲ” ဟု မြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် ဘဏ်၊ ရွှေဆိုင် နှင့် မိုဘိုင်းဖုန်းဆိုင်များ မကြာခဏ ဓားပြတိုက်ခံနေရခြင်း ဖြစ်သည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly