ရန်ကုန်တွင် နိုင်/ကျဉ်းများအတွက် ရည်ရွယ်ကာ ဆန္ဒပြလှုပ်ရှားမှုပြုလုပ်

By ဂန္ဒမာ(မဇ္ဈိမ)
23 July 2023
ရန်ကုန်တွင် နိုင်/ကျဉ်းများအတွက် ရည်ရွယ်ကာ ဆန္ဒပြလှုပ်ရှားမှုပြုလုပ်

စစ်ကောင်စီတပ်က  နိုင်ငံ‌ရေးအကျဉ်းသူ/သားများအား သတ်ဖြတ်နေခြင်း ချက်ချင်းရပ်ရန်နှင့် အမြန်ဆုံးလွတ်မြောက်စေရန် ရည်ရွယ်၍ ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် ရန်ကုန်၌ ဆန္ဒပြလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

ယနေ့သည် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံခဲ့ရသည့် ကိုဖြိုးဇေယျာသော်(ခ)ကိုမောင်ကျော်၊ ကိုဂျင်မီ(ခ)ကိုကျော်မင်းယု၊ ကိုလှမျိုးအောင်(ခ)ကိုမျိုးနှင့် ကိုအောင်သူရဇော်(ခ)ကိုဂတုံး တို့လေးဦးအား စစ်ကောင်စီတပ်က ဥပဒေမဲ့ ကြိုးပေးသတ်ဖြတ်ခဲ့သည်မှာ တစ်နှစ်တိတိပြည့်မြောက်ခဲ့သည့်နေ့ဖြစ်သဖြင့် ရန်ကုန်မြို့တစ်နေရာတွင် တော်လှန်ရေးအင်အားစုတစ်ခုက "ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး" စာသားပါ ဘန်နာအားချိတ်ဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီလှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အသက်ပေးခဲ့ရတဲ့ နွေဦးတော်လှန်ရေးသူရဲကောင်းတွေအပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ကျောင်းသားလူငယ်တွေကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်တာ၊နှိပ်စက်တာတွေသာမက ပြည်သူလူထုတစ်ရပ်လုံးအပေါ် အကြမ်းဖက်ဖိနှိပ်တာတွေ၊ ကျေးရွာတွေကို မီးတင်ရှို့နေတဲ့လုပ်ရပ်တွေကို ပြုလုပ်နေတဲ့ စစ်တပ်အပေါ် ပြည်သူလူထုရဲ့ နာကျဥ်းချက်တွေ၊အမုန်းတရားတွေဟာ  ကမ္ဘာတည်သရွေ့ ဥဒါန်းကျေမှာမဟုတ်ဘူးဆိုတဲ့ ပြည်သူလုထုရဲ့ ဆန္ဒကိုဖော်ပြချင်တာနဲ့ပြုလုပ်ဖြစ်တာဖြစ်တယ်" ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော် ရွှေအသည်းက မဇ္ဈိမ ကို ပြောသည်။

အဆိုပါလှုပ်ရှားမှုအား စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)နှင့် Revolution Force(RF)တို့ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"လုံခြုံရေးအခြေအနေကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိမနေပါဘူး?  စကစ တပ်တွေ တပ်စွဲ ဝန်းရံထားတဲ့ကြားထဲကနေ ဖောက်ထွက်ပြီး စနစ်တကျ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်" ဟု  စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းမှ ရဲဘော် အိုမီက ပြောသည်။

ယခုလှုပ်ရှားမှုမှတစ်ဆင့် ပြည်သူများကို အသိပေးလိုသည်မှာ မြို့ပြရဲဘော်များသည် နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်စစ်တပ်အား မြို့ပြတွင် တော်လှန်ပုန်ကန်နေပြီး ပြည်သူများအနေနှင့်လည်း စစ်ကောင်စီတပ်၏ တော်လှန်ရေးသတင်းများကို ဖုံးဖိနေခြင်းကြောင့် တော်လှန်ရေးလှုပ်ရှားမှု အခြေအနေများအား မျက်ခြေမပြတ်စေရန်  တိုက်တွန်းနိုးဆော်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ဥက္ကဋ္ဌ ပီတာကြီးက ပြောသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly