ဟွန်ဆန် အနိုင်ရရန် သေချာသလောက်ရှိသည့် ကမ္ဘောဒီးယားရွေးကောက်ပွဲ ကျင်းပ

ဟွန်ဆန် အနိုင်ရရန် သေချာသလောက်ရှိသည့် ကမ္ဘောဒီးယားရွေးကောက်ပွဲ ကျင်းပ
Photo-AFP

ကမ္ဘောဒီးယားတွင် ကာလရှည် ခေါင်းဆောင် ဟွန်ဆန် အနိုင်ရရန် သေချာသလောက် ဖြစ်နေသည့် အထွေထွေရွေးကောက်ပွဲကို ဇူလိုင် ၂၃ ရက်တွင် ကျင်းပပြီး မဲဆန္ဒရှင်များက မဲပေးကြသည်။ ဟွန်ဆန်သည် နိုင်ငံ၏ ဦးစီးဦးကိုင်နေရာကို ၎င်း၏ အကြီးဆုံးသားဖြစ်သူအား လွှဲပြောင်းပေးခြင်းအားဖြင့် ၎င်း၏ အကြွင်းမဲ့ထိန်းချုပ်မှု အမွေအနှစ်ကို သေချာစေရန် လုပ်ဆောင်မည့်ပုံပေါ်သည်။

အသက် ၇၀ နှစ်ရှိ ခမာနီ အရာရှိဟောင်းတစ်ဦးဖြစ်သည့် ဟွန်ဆန်သည် နိုင်ငံတွင် ၁၉၈၅ ခုနှစ်ကတည်းက အုပ်ချုပ်နေခဲ့ခြင်း ဖြစ်ပြီး ယခု ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အတိုက်အခံ ပါတီများ ပိတ်ပင်တားမြစ်ခံထားရပြီး စိန်ခေါ်သူများလည်း မဖြစ်မနေ ထွက်ပြေးထားကြရသလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ထိန်းချုပ်ခံထားရသည်။

ဟွန်ဆန်၏ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) သည် အောက်လွှတ်တော်တွင် အမတ်နေရာ ၁၂၅ နေရာစလုံးကို ဆက်လက်ထိန်းထားနိုင်ဖွယ်ရှိပြီး ၎င်း၏ အာဏာချုပ်ကိုင်မှုကို ဆွဲဆန့်စေကာ ဝေဖန်သူတချို့က မြောက်ကိုရီးယား နိုင်ငံရေးနှင့် နှိုင်းယှဉ်ထားသည့် အာဏာလွှဲပြောင်းဆက်ခံစေမှုတစ်ရပ်အတွက် လမ်းခင်းပေးလျက် ရှိသည်။

တစ်ခုတည်းသော အဓိက အတိုက်အခံပါတီသည်လည်း ရွေးကောက်ပွဲ မတိုင်မီ အကြိုကာလတွင် စည်းကမ်းနှင့် မညီဟု ဆိုပြီး ပိတ်ပင်ခံခဲ့ရပြီး အခြားသော အရွယ်အစားငယ်သော၊ ငွေကြေးပံ့ပိုးမှု အားနည်းသော ပါတီငယ် ၁၇ ခုအနက် တစ်ခုခုက အမတ်နေရာများ အနိုင်ရမည် ဆိုပါက အံ့အားသင့်စရာ ဖြစ်လိမ့်မည် ဖြစ်သည်။

ဒေသစံတော်ချိန် မနက် ၇ နာရီတွင် မဲရုံများ စတင်ဖွင့်လှစ်ပြီးနောက် မကြာမီ ဟွန်ဆန်သည် ဖနွမ်ပင်၌ မဲပေးခဲ့ကြောင်း အေအက်ဖ်ပီ သတင်းသမားများက ပြောသည်။

လူမျိုးတုန်းသတ်ဖြတ်သော ခမာနီ ခေတ် အပါအဝင် နှစ်များစွာကြာ ပဋိပက္ခများကြောင့် နိုင်ငံကို မွှေနှောက်ဖျက်ဆီးခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်တွင် ကုလသမဂ္ဂက ပထမဆုံး ကမကထပြုသည့် ရွေးကောက်ပွဲနောက်ပိုင်း လက်ရှိ ခုနစ်ကြိမ်မြောက် ရွေးကောက်ပွဲတွင် လူပေါင်း ၉ ဒသမ ၇ သန်းကျော်က ဆန္ဒမဲပေးရန် စာရင်းသွင်းထားသည်။

ကမ္ဘောဒီးယားတွင် ပါတီစုံ ဒီမိုကရေစီစနစ်တစ်ခုအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်လင့်ချက်များ ထားခဲ့ကောင်းထားခဲ့နိုင်သည့် ပြီးခဲ့သည့် နှစ် ၃၀ ကာလတွင် ယင်းနိုင်ငံသည် ဟွန်ဆန်၏ အုပ်ချုပ်မှုအောက်တွင်သာ ရှိနေခဲ့ရသည်။

ဝါရင့် ဝန်ကြီးချုပ် ဟွန်ဆန်က သူ့အနာဂတ်အတွက် စတင်စဉ်းစားလာခဲ့ပြီး မကြာမီကာလအတွင်း၊ ဖြစ်နိုင်ခြေအားဖြင့် လာမည့် သီတင်းပတ်များအတွင်း သူ၏ သားဖြစ်သူ ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီး ဟွန် မန်နက်ကို ရာထူးလွှဲပြောင်းပေးသွားမည်ဟု ပြောသည်။

“နိုင်ငံကို ဦးဆောင်ဖို့ မိမိတို့ ချစ်တဲ့ ပါတီကို မဲပေးရွေးချယ်ဖို့အတွက် မိမိတို့ဟာ မိမိတို့ရဲ့ အရပ်ဖက် အခွင့်အရေး၊ တာဝန်ဝတ္တရားနဲ့ နိုင်ငံသားအခွင့်အရေးကို အသုံးချထားပါတယ်” ဟု အသက် ၄၅ နှစ်ရှိ ဟွန် မန်နက်က ဆန္ဒမဲပေးအပြီး သတင်းထောက်များကို ပြောသည်။

သားဖြစ်သူထံ ရာထူးအာဏာလွှဲပြောင်းပေးပြီးနောက်တွင်လည်း ဟွန်ဆန်အနေဖြင့် နောက်ကွယ်မှ ဆက်လက် ကြိုးကိုင်ရန် ရည်ရွယ်ထားသည်ကို ရှင်းရှင်းလင်းလင်း မြင်ရသော်လည်း အမေရိကန်နှင့် ဗြိတိန်တွင် ပညာသင်ကြားခဲ့သည့် ဟွန် မန်နက်အနေဖြင့် နိုင်ငံတွင် အပြောင်းအလဲများကို ဖြစ်စေနိုင်မည်လား ဆိုသည်ကို အများအပြားက သိချင်နေကြသည်။

ကမ္ဘောဒီးယားအတွက် မည်သည်ကို လုပ်ဆောင်ရန် စီစဉ်ထားသလဲနှင့် မည်သည့်အချိန်တွင် ဝန်ကြီးချုပ် ဖြစ်လာမည်လဲ ဆိုပြီး အေအက်ဖ်ပီ၏ မေးမြန်းမှုကို ဟွန် မန်နက်က “ဒါနဲ့ပတ်သက်လို့ ကျွန်တော့်မှာ ပြောစရာ မှတ်ချက်မရှိပါဘူး” ဟု ပြောသည်။

လက်ရှိ ကမ္ဘောဒီးယား ရွေးကောက်ပွဲကို လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly