စစ်ကောင်စီတပ်၏ရေယာဉ်များမှ ပစ်ခတ်မှုကြောင့် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ ထွက်ပြေးနေရ

By MTO (မဇ္ဈိမ)
23 July 2023
စစ်ကောင်စီတပ်၏ရေယာဉ်များမှ ပစ်ခတ်မှုကြောင့် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ ထွက်ပြေးနေရ

ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်ကောင်စီတပ်၏ရေယာဉ်သုံးစီးက စစ်ကိုင်း တိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ မြစ်ကမ်းဘေးကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့်ပစ်ခတ်နေသည့်အတွက် မြစ်ကမ်းဘေးကျေးရွာများတွင်နေထိုင်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါရေယာဉ်များသည် မုံရွာသို့ စစ်လက်နက်ပစ္စည်များ လာရောက်ပို့ဆောင်ခြင်းဖြစ်ပြီး ယနေ့ ဇူလိုင် လ ၂၃ ရက်နေ့ နံနက်ပိုင်း ဆားလင်းကြီးမြို့နယ်အတွင်းသို့ရောက်ရှိချိန်စဉ် ပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ အဖွဲ့ဝင်တဦးက ပြောသည်။

 “ဒီနေ့မနက်က ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်လာပြီးတော့ မြစ်ကမ်းဘေးကျေးရွာတွေကို လက်နက် ကြီး ၄၀ မမ၊ ၆၀ မမနဲ့ စက်ကလေးတွေရော တောက်လျှောက်ဆွဲပြီးပစ်သွားတာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယနေ့ နံနက်အစော ပိုင်းက မိုးသည်းထန်စွာရွာသွန်းထား၍ မိုးထဲလေထဲတွင်ထွက်ပြေးနေရကြောင်း ဒေသခံများက ဆိုသည်။

ဆားလင်းကြီးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေပြီး တစ်ဖက်မှလည်း ချင်းတွင်းမြစ် အတွင်းမှ ပစ်ခတ်နေမှုကြောင့် ဒေသခံများမှာရှောင်တိမ်းစရာ နေရာနည်းလာကြောင်း ဆားလင်းကြီးမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ဆိုသည်။

“ စစ်ဘေးရှောင်နေရတဲ့အနေအထားက တဖက်မှာ မြစ်ရေတက်လာတဲ့အခါ ဒေသခံတွေမှာ ဘေးကျပ်နံ ကျပ်ဖြစ်လာတယ်။ တဖက်မှာက စစ်ကောင်စီတပ်စခန်းလိုဖြစ်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီရှိတယ်။ အဲဒီတော့ စစ်ရှောင်စရာနေရာ နည်းလာတယ်” ဟု ၎င်းက ပြောသည်။

ချင်းတွင်မြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်ကောင်စီတပ်၏ရေယာဉ်များသည် မုံရွာမြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly