ကျောက်ထု - ဆောလမ်းပိုင်း  ၄ ရက်တာ တိုက်ပွဲအတွင်း  စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

By ကိုခင်မောင် (မဇ္စျိမ)
22 July 2023
ကျောက်ထု - ဆောလမ်းပိုင်း  ၄ ရက်တာ တိုက်ပွဲအတွင်း  စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး
ဓာတ်ပုံ- The Youth Force Saw & Kyauhthu , ( The Youth Force Saw& Kyauhthu  မှရဲဘော်များ

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထု - ဆောလမ်းအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ LPDF ပူးပေါင်းတပ်ဖွဲ့များကြား လေးရက်ဆက်တိုက် ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေဆုံးခဲ့ကြောင်း ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်းမှ ယမန်နေ့ ဇူလိုင် ၂၁ရက်တွင် သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၃ရက်မှ ၁၇ရက်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေဆုံးမှုကို ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်း ၊The Youth Force Saw & Kyaukhtuက သေဆုံးရုပ်အလောင်း ဓာတ်ပုံများနှင့်အတူ အတည်ပြုထုတ်ပြန်ထားခြင်း ဖြစ်သည်။

“၁၇ ရက်နေ့ နေ့လယ် တစ်နာရီလောက်က ထိတွေ့မှုမှာ အချိန် တစ်နာရီကျော်ကြာတယ်၊ အဲ့မှာ သုံးယောက် သေတယ် ၊ စကစ ဘက်က သေတဲ့အလောင်းကိုလည်း တချို့ကို မြှုပ်ထားတယ်။ တချို့ကို သယ်သွားကြတယ်၊  မြှုပ်ထားတာတော့ နှစ်နေရာ တွေ့တယ်။ တစ်နေရာကိုတော့ အန္တရာယ်ရှိမှာကြောင့် မဖော်ကြဘူး သူတို့ဘက်က ကျတာကို တိုက်ပွဲထဲမှာလည်း အတည်ပြုနိုင်တယ်” ဟု Youth Force Saw & Kyaukhtuမှ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦး မဇ္စျိမကိုပြောသည်။

ဇူလိုင်လ ၁၇ရက်နေ့ နေ့လယ် ၁နာရီအချိန်ခန့်က  ထိတွေ့တိုက်ပွဲတစ်နာရီကျော်အတွင်း စစ်ကောင်စီတပ်ဘက်မှ ဆောမြို့နယ် လယ်ကဆင်းရိုးရွာအနီးတွင် တစ်ဦး၊ ဒေသအခေါ်  တဲအနီးနားတွင်တစ်ဦး၊ ကိုင်းတောထဲတွင်တစ်ဦး စုစုပေါင်းသုံးဦးသေဆုံးခဲ့သည်ကိုတွေ့ရသည်ဟု  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင်လ ၁၆ရက် နံနက် ၁၀နာရီအချိန်ခန့်တွင် ရှေ့တန်းတစ်နေရာ၌ တာဝန်ထမ်းဆောင်ရင်း  နေမကောင်းသော The Youth Force Saw & Kyaukhtuမှ ရဲဘော်တစ်ဦးအား သွားရောက်ခေါ်ဆောင်စဥ် အပြန်လမ်းတွင် စစ်ကောင်စီတပ်သားများ၏ ချောင်းမြောင်းပစ်ခတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

“ရှေ့တန်းကင်းစောင့်နေတဲ့ ရဲဘော်ကို နောက်တန်းကိုသွားကြိုတာပါ။ ကင်းစောင့်နေရင်းနဲ့ ဖျားတာပါ” ဟု တာဝန်ရှိသူက ပြောသည်။

အဆိုပါ ပစ်ခတ်ခံရမှုအတွင်း  မကွေး ဒရုန်းအဖွဲ့မှ ရဲဘော် တစ်ဦးကျဆုံး၍ The Youth Force Saw & Kyaukhtuမှ ရဲဘော်တစ်ဦးသည်လည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဇူလိုင်လ ၁၄ရက်နှင့် ဇူလိုင်လ ၁၅ရက်နေ့တို့တွင်လည်း  အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းကို ကျောက်ထု- ဆောလမ်းပိုင်းတွင်ပင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ LPDF ပူးပေါင်းတပ်ဖွဲ့များမှ  နင်းမိုင်းများ ၊ ဒရုန်းများ ၊ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် လေးရက်တာတိုက်ခိုက်မှုတွင် မကွေးတိုင်း ဒရုန်းအဖွဲ့၊ မကွေးတပ်ရင်း (၁) ၊ King Fighter (ပေါက်) ၊ပွင့်ဖြူ (PDF) ၊ ဖေကံကောင်း (ရေနံချောင်း)၊ ရွှေဘိုခရိုင် ရင်း (၂၆) ၊ ပေါက် ပကဖ ရင်း (၄)၊ မင်းဘူးခရိုင် ရင်း (၁၊ ၂)၊ SLN PDF (local) ၊ဂန့်ဂေါခရိုင် ရင်း (၃၊ ၅၊ ၈၊၉၊၁၃)၊ Saw PDF (YRPA)၊ ပခုက္ကူခရိုင် ရင်း (၅၊၁၉) ပူးပေါင်းအဖွဲ့များမှ စုပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

စစ်ရေးအခြေအနေကြောင့် ဆော - ကျောက်ထုလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို  ပိတ်ပင်ထားသည်မှာ  ၁၀ ရက်နီးပါးရှိလာပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များက  လမ်းပိုင်းအသုံးပြုနိုင်ကြောင်း ထုတ်ပြန်ခြင်း မတွေ့ရသေးပေ။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly