မြန်မာနိုင်ငံမှ တရုတ်သို့ မြေရှားသတ္တုတင်ပို့မှု မြင့်တက်လာ

မြန်မာနိုင်ငံမှ တရုတ်သို့ မြေရှားသတ္တုတင်ပို့မှု မြင့်တက်လာ

တရုတ်နိုင်ငံသို့ မြေရှားသတ္တု ဒုတိယများဆုံးတင်ပို့နေသည့် မြန်မာနိုင်ငံမှ ယခုနှစ်အတွင်း ယင်းသတ္တုတင်ပို့မှု မြင့်တက်လာကြောင်း အကောက်အခွန်အချက်လက်များတွင် ဇူလိုင်လ ၁၃ ရက်က ဖော်ပြထားသည်။ ကမ္ဘာ့အကြီးဆုံး သတ္တုသန့်စင်ပြုပြင်ထုတ်လုပ်သူဖြစ်သည့် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးလာသော မော်တော်ယာဉ်နှင့် လေအားလျှပ်စစ် ကဏ္ဍများအတွက် အဆိုပါသတ္တု ထုတ်လုပ်မှုကို တိုးမြှင့်လျက်ရှိသည်။ 

တရုတ်နိုင်ငံသည် ယခုနှစ် ပထမ ၆ လအတွင်း အိမ်နီးချင်းမြန်မာနိုင်ငံထံမှ မြေရှားသတ္တုရိုင်းနှင့် ဒြပ်ပေါင်း ၃၄၂၄၁ မက်ထရစ်တန် တင်သွင်းခဲ့ပြီး ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်ထက် ၇၀ ရာခိုင်နှုန်း ပိုများလာကာ ယင်းနှစ် ပထမနှစ်ဝက်ထက် ၉ ဆ ပိုများခဲ့သည်။

မြန်မာနိုင်ငံသည် မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသို့ မြေရှားသတ္တု အများဆုံးတင်ပို့သည့်နိုင်ငံ ဖြစ်လာခဲ့ပြီး ဒစ္စပရိုဆီယံ၊ အစ်ထရီယံနှင့် တာဘီယံ တို့အပါအဝင် သတ္တုတွင်းထွက်များထဲမှ ၄၀ ရာခိုင်နှုန်းခန့်ကို တင်ပို့နေခြင်းဖြစ်ကြောင်း ကနေဒါနိုင်ငံအခြေစိုက် Adamas Intelligence အဖွဲ့က ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကိုဗစ်ထိန်းချုပ်မှုများ တင်းကျပ်ခဲ့ခြင်းကြောင့် ကုန်သွယ်မှု ထိခိုက်ခဲ့သော်လည်း အဆိုပါ ကိုဗစ်အစီအမံအများစုကို ရုပ်သိမ်းခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် လစဉ် တင်ပို့မှု သိသာစွာ မြင့်တက်သွားပြီး ယခုနှစ်တစ်လျှောက်လုံး ကုန်သွယ်မှု မြင့်တက်လျက်ရှိသည်။ 

တရုတ်နိုင်ငံသို့ မြေရှားသတ္တု အများဆုံးတင်သွင်းသည့် အမေရိကန်၏ တင်ပို့မှုမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ် ပထမနှစ်ဝက်တွင် ၂၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ၃၈၂၃၆ တန်သာ ရှိခဲ့သည်။ 

တရုတ်နိုင်ငံသည် မြေရှားသတ္တုကို လျှပ်စစ်ကားများနှင့် အခြားကဏ္ဍများအတွက် အရေးပါသော ဘက်ထရီနှင့် သံလိုက်များအဖြစ် ပြုပြင်ထုတ်လုပ်သည့် ကမ္ဘာလုံးဆိုင်ရာ သန့်စင်ထုတ်လုပ်မှုလုပ်ငန်းကို လွှမ်းမိုးထားသည်။

အနောက်နိုင်ငံများနှင့်ပတ်သက်၍ ပိုမိုစိုးရိမ်လာသည့်အတွက် တရုတ်သတ္တုလုပ်ငန်းများသည် ကမ္ဘာ့ဈေးကွက်ကို ဆက်လက် ချုပ်ကိုင်ထားနိုင်ရန် ပြည်ပမှ တင်ပို့သူအသစ်များကို ရှာဖွေလျက်ရှိကြောင်း လေ့လာသူများက ပြောကြားထားသည်။

ဈေးကောင်းရသောကြောင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဆွဲဆောင်နိုင်ခဲ့သည့်အတွက် မြေရှားသတ္တုထုတ်လုပ်မှု တိုးတက်လာခြင်းဖြစ်ကြောင်း ဆစ်ဒနီအခြေစိုက် ရန်ပုံငွေအဖွဲ့ဖြစ်သည့် Terra Capital အဖွဲ့မှ သုတေသနအကြီးအကဲ ဒိုင်လန်းကယ်လီက ပြောကြားခဲ့သည်။

အခြားအိမ်နီးချင်းနိုင်ငံဖြစ်သည့် လာအိုနိုင်ငံကလည်း ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ မြေရှားသတ္တု အနည်းငယ် တင်ပို့ခဲ့ကြောင်း ယင်း အကောက်အခွန်အချက်အလက်များတွင် ဖော်ပြထားသည်။
သို့သော် မြေရှားသတ္တုဈေးနှုန်းကျဆင်းနေမှုသည် အဆိုပါ အနေအထားကို တုံ့နှေးသွားစေနိုင်ကြောင်း ကယ်လီက ပြောကြားခဲ့သည်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း ထုတ်လုပ်ရောင်းချရေးလုပ်ငန်းစဉ်များ ပြတ်တောက်ခဲ့သည့်အတွက် မြေရှားသတ္တု စျေးနှုန်းသည် ၂၀၂၂ ခုနှစ်အစတွင် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သော်လည်း ရောင်းလိုအား မြင့်တက်လာပြီး ဝယ်လိုအား လျော့ကျလာခြင်းတို့ကြောင့် ၃ နှစ်အတွင်း အနိမ့်ဆုံး နှုန်းထားသို့ ကျဆင်းသွားခဲ့သည်။

 “စျေးနှုန်း ကျဆင်းလာတာနဲ့အမျှ ထုတ်လုပ်မှုလည်း အရှိန်အဟုန်နဲ့ ကျဆင်းလာမယ် ထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly