ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတချို့ သေဆုံးမှု AAPP သတင်းထုတ်ပြန်

By မဇ္ဈိမ 
21 July 2023
ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတချို့ သေဆုံးမှု AAPP သတင်းထုတ်ပြန်

ပြီးခဲ့တဲ့ ဇွန်လထဲ ဒိုက်ဦး (ကျိုက်ဇကော) ထောင်က နိုင်ငံရေးအကျဉ်းသား (၃၇) ဦး ပျောက်ဆုံးနေတဲ့ထဲက သေဆုံးသူ ရှစ်ဦးအထိ အတည်ပြုထားနိုင်ပြီ လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်လိုက်ပါတယ်။

မတရား ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးရသူတွေ ခုရက်ပိုင်း ပိုများလာနေတဲ့အကြောင်း နဲ့ အရေးပေါ် စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံး လုပ်ဆောင် လိုအပ်နေတယ်လို့လည်း ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်ကနေ ခေါ်ထုတ်ခံရပြီး ပျောက်ဆုံးနေတဲ့ နိုင်ငံရေး အကျဉ်းသား ၃၇ ဦး ရှိခဲ့ပြီး အဲဒီထဲက ကိုခန့်လင်းနိုင်နဲ့ ကိုပြည့်ဖြိုးဟိန်း တို့ နှစ်ဦးသေဆုံးတဲ့အကြောင်း ဇူလိုင်လ ပထမအပတ်မှာ မိသားစုဝင်တွေဆီ အကျဉ်းဦးစီးက ပထမဆုံး အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဆီ သေဆုံးကြောင်း ဆက်တိုက်အကြောင်းကြားစာတွေ ပေးပို့နေပြီး နောက်ထပ် ခြောက်ဦး အထိထပ်တိုးလာတယ် လို့ AAPP က အမည်စာရင်းနဲ့ ထုတ်ပြန်လာပါတယ်။

အေအေပီပီ ရဲ့ ထုတ်ပြန်ချက်အရ အတည်ပြုနိုင်တဲ့ သေဆုံးသူ ၈ ဦးကတော့ ခန့်လင်းနိုင်၊ ကိုပြည့်ဖြိုးဟိန်း၊ ကိုဇင်မြင့်ထွန်း၊ ကိုဝေယံလွင်၊ ကိုဇင်ဝင်းထွဋ်၊ ကိုအောင်မျိုးသူ၊ ကိုဘိုဘိုဝင်းနဲ့ ကိုနေအေးတို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒိုက်ဦးထောင်ထဲမှာပဲ နိုင်ငံရေးအကျဉ်းသား နှစ်ဦးဖြစ်တဲ့ ကိုအောင်စိုးမိုး နဲ့ ဝေါမြို့နယ်အမတ် ဦးမောင်ဒီ တို့ ဇူလိုင် ၁၆ ရက် နဲ့ ၁၇ ရက် တွေမှာ သေဆုံးခဲ့တဲ့ အကြောင်း အေအေပီပီ ကပြောပါတယ်။

 

ဒိုက်ဦးထောင်၊ သာယာဝတီထောင်နဲ့ မြင်းခြံ ထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေကို အကျဉ်းထောင်ထဲကနေ ခေါ်ထုတ်ရိုက်နှက် စစ်ဆေးတာတွေ စစ်ကောင်စီဘက်က ခုနောက်ပိုင်း ခပ်စိပ်စိပ် လုပ်လာနေပြီး ဒီအထဲမှာ သေဆုံးသူတွေနဲ့ အသက်အန္တရာယ် စိုးရိမ်ရသူတွေ ရှိတဲ့အကြောင်း AAPP က ပြောပါတယ်။

မတရားဖမ်းဆီးခံပြီး စစ်ကြောရေးမှာညှင်းပမ်း နှိပ်စက်မှုကြောင့် သေဆုံးသွားရတဲ့သူတွေ၊ စစ်ကောင်စီက မြို့ရွာတွေထဲ စစ်ကြောင်းထိုးပြီး လူသတ်မီးရှို့မှုတွေအတွင်း သေဆုံးရသူတွေနဲ့ အကျဉ်းထောင်တွင်းသေဆုံးမှုတွေ အခုရက်ပိုင်းအတွင်း ပိုပြီး များလာတယ်လို့လည်း AAPP က ပြောပါတယ်။

ဒိုက်ဦးထောင်မှာတင်မဟုတ်ဘဲ တခြားသော အကျဉ်းထောင် တချို့မှာလည်း နိုင်ငံရေးအကျဉ်းသားတွေ ခေါ်ထုတ်ခံရပြီး သေဆုံးတာ၊ ပျောက်ဆုံးတာ၊ လွတ်ရက်စေ့ပြီးမှ ပြန်လည် ခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေတာတွေလည်း ရှိတယ်လို့ AAPP က ထောက်ပြထားပါတယ်။

ခုလို တရားလက်လွတ် အနိုင်ကျင့် သတ်ဖြတ်နေတာတွေနဲ့ပတ်သက်လို့ အရေးပေါ်စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးလုပ်ပြီး ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေနဲ့ နိုင်ငံတကာတရားရေးမဏ္ဍိုင်တွေကို အရေးပေါ်စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းဆောင်ရွက်ပေးကြ ဖို့ AAPP ကတိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၉၆၂) ဦးရှိပြီး အဲဒီထဲက (၁၉၀၀၀)ကျော်က ဆက်လက် ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ခုနှစ်ထောင်နီးပါး ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွင်း သတ်ဖြတ်ခံရသူ ၃၈၀၀ ကျော် ရှိတယ်လို့ AAPP ကထုတ်ပြန်ထားပြီး စစ်ကောင်စီကတော့ AAPP က ထုတ်ပြန်တဲ့ စာရင်းတွေဟာ ချဲ့ကား ဖော်ပြထားတာ ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုလေ့ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required