နှစ်အနည်းငယ်ခန့်ကစားရန် ခြေစွမ်းကျန်နေသေးဟု ရွန်နီယုံကြည်

နှစ်အနည်းငယ်ခန့်ကစားရန် ခြေစွမ်းကျန်နေသေးဟု ရွန်နီယုံကြည်

ဧပြီ ၄၊ မန်ချက်စတာ ။              ။ ယူရို ၂၀၁၆ ပြိုင်ပွဲအတွက် သံသယဝင်ခံနေရသော်လည်း မန်ချက်စတာယူနိုက်တက်နှင့် အင်္ဂလန်အသင်းခေါင်းဆောင်ရွန်နီက ကလပ်နှင့် နိုင်ငံအတွက် များစွာပေးဆပ်နိုင်ဦးမည်ဟု ယုံကြည်ကြောင်း ပြောသည်။

ဖေဖော်ဝါရီတွင် ဒူးအရွတ်ဒဏ်ရာကြောင့် နားနေရပြီးကတည်းက ရွန်နီ၏ အင်္ဂလန်လက်ရွေးစင်နေရာမှာ ဟာရီကိန်း၊ ဗာဒီတို့၏ ခြိမ်းခြောက်မှု ကို ခံနေရသည်။

ကိန်း၊ ဗာဒီ၊ ဝဲလ်ဘတ်နှင့် စတူးရစ်ချ်တို့သည် မျိုးဆက်သစ်များကိုဦးဆောင်နေကြရာ ပရိသတ်နှင့် သုံးသပ်သူအများစုက အင်္ဂလန်၏ဂိုးသွင်း အများဆုံးကစားသမားရွန်နီအနေဖြင့် ပြင်သစ်ယူရို ၂၀၁၆ ပြိုင်ပွဲတွင်ပါဝင်ရန် အာမခံချက်မရှိတော့ဟု ယုံကြည်သုံးသပ်နေကြသည်။

သို့သော် အသက် ၃၀ အရွယ်ကစားသမားက မကြာသေးသည့်အချိန်ကာလအတွင်း ထွက်ခွာသွားရန် အစီအစဉ်မရှိဟု ပြောသည်။

"နှစ်နည်းနည်းငယ်လောက်ဆက်ကစားဖို့ ခြေစွမ်းကျန်သေးတယ်လို့ ယုံကြည်ပါတယ်။ အသင်းအောင်မြင်ဖို့ ဦးစားပေးကြိုးစားသွားဦးမှာဖြစ် ပြီး ဂိုးတွေနဲ့အကူညီပေးနိုင်ရင်တော့ အတိုင်းထက်လွန်ပဲပေါ့။
လွန်ခဲ့တဲ့နှစ်နှစ်လောက်က အင်္ဂလန်အတွက် ကျွန်တော့်ခြေစွမ်းသိပ်ကောင်းခဲ့ပါတယ်။

ဂိုးတွေအများကြီးသွင်းနိုင်ခဲ့တယ်။ နှစ်လေးဆယ်ကျော် ကြာ စံချိန်ကိုလည်း ချိုးနိုင်ခဲ့တယ်။ ဒီအနေအထားကို ဆက်ထိန်းထားချင်ပြီး ဂိုးတွေလည်း သွင်းနိုင်သလောက် သွင်းပေးချင်ပါသေးတယ်။ ဒဏ်ရာမရခင်တုန်းက ကောင်းကောင်း ကစားနိုင်ခဲ့တယ်။

ဒါပေမဲ့ အဲဒါက အတိတ်ဖြစ်ပြီး အနာဂါတ်ကို ဆက်စောင့်ကြည့်ရမယ်။ အခုအချိန်မှာ အရင်နဲ့မတူတော့တာမို့ ကိုယ့်ကိုယ်ကိုယ် မနှိုင်းယှဉ်လို ပါဘူး။ နောက်ဘာဆက်ဖြစ်လာမလဲဆိုတာနဲ့ ယူရိုပြိုင်ပွဲမှာ အကောင်းဆုံးဖြစ်ဖို့ကိုပဲ တွေးနေပါတယ်"ဟု ရွန်နီက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly