တနင်္သာရီ-မောတောင် လမ်းပိုင်းမှာ ၅ ရက်ဆက်တိုက် တိုက်ပွဲဖြစ် စစ်ကောင်စီဘက် အထိနာဟုဆို

By ကိုရွှေမြိတ်(မဇ္ဈိမ)
20 July 2023
တနင်္သာရီ-မောတောင် လမ်းပိုင်းမှာ ၅ ရက်ဆက်တိုက် တိုက်ပွဲဖြစ် စစ်ကောင်စီဘက် အထိနာဟုဆို
ပုံ - တနင်္သာရီမြို့နယ် ထုံခါ-ချောင်းနှစ်ပေါက်နေရာ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ တနင်္သာရီ-မောတောင် လမ်းပိုင်းတွင် ယခုလ ဇူလိုင် ၁၅ ရက်နေကစ၍ ၁၉ ရက်နေ့ အထိ ငါးရက် ဆက်တိုက် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က အထိနာပြီး နှစ်ဖက် စစ်ရေး ပြန်လည်ငြိမ်သက်နေကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များထံမှ သိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်ဖြင့် ဇူလိုင်လ ၁၅ ရက်နေ့တွင် ရေဖြူရွာ ထုံခါး-မောတောင် လမ်းပိုင်းကို စတင် စစ်ကြောင်းထိုး ရောက်ရှိလာရာမှ KTLA (ထီးစမယ်ရွာ တပ်ရင်း)၊ KNU တပ်ရင်း (၁၁)၊ နဂါးမင်း (PDF) Drone အဖွဲ့၊ SWDF တောင်ပိုင်း သူရဲကောင်းများအဖွဲ့နှင့် ခွပ်ဒေါင်းတမန် စစ်ကြောင်း စသည့်ပူးပေါင်း တပ်ဖွဲ့ ဝင်များနှင့် တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း KTLA-Tcjf အဖွဲ့၏ ဇူလိုင်လ ၁၉ ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ဒီတိုက်ပွဲမှာတော့ တော်လှန်ရေးအင်အားစုဖက်က အထိခိုက်မရှိဘူး၊ စစ်တပ်ဖက်မှာတော့ ထိခိုက်သေဆုံးရှိပြီး အတည်မပြုနိုင်သေးပါ၊ လက်ရှိ သိန်ခွန်းနဲ့ သဲဖြူကြား နှစ်ဖက် တင်းမာနေတဲ့ အနေထား ရှိနေဆဲပါ၊ ဆက်တိုးလာရင် (သို့မဟုတ်) နောက်မဆုတ်ရင်တိုက်ပွဲ ပိုပြင်းထန်မယ်” ဟု ပြော သည်။

လက်ရှိတွင် နှစ်ဖက် တိုက်ပွဲများ ပြန်လည်ငြိမ်သက်နေခြင်းကြောင့် ပြီးခဲ့သည့် ရက်ပိုင်းက ထွက်ပြေးတိမ်းရှောင် သိန်ခွန်းကျေးရွာနှင့် ချောင်းနှစ်ပေါက်ရွာက စစ်ရှောင်များသည် ပြန်လည်ဝင်ရောက်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အတူ တိုက်ပွဲကြောင့် ပိတ်ထားသော တနင်္သာရီ-မောတောင် နယ်စပ် လမ်းကိုလည်း ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် ယခင်အတိုင်း ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်လည်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly