အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နာရီပိုင်းအလို အော့ကလန်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွား

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နာရီပိုင်းအလို အော့ကလန်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွား

နယူးဇီလန်နိုင်ငံ၊ အော့ကလန်မြို့ဟာ ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို မဖွင့်ခင် နာရီပိုင်းအလို မြို့လယ်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့ပါတယ်။

စီးပွားရေးအချက်အချာကျတဲ့ ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ရး၂၂ နာရီ (၁၉း၂၂ ဂရင်းနစ်စံတော်ချိန်)အချိန်က အခင်းဖြစ်ပွားပြီးနောက် ရဲအရာရှိတွေ အပါအဝင် အခြားလူခြောက်ဦး ဒဏ်ရာရခဲ့ပြီး သေနတ်သမားလည်း  သေဆုံးခဲ့ပါတယ်။

ဝန်ကြီးချုပ် ခရစ္စဟစ်ပ်ကင်စ်ကတော့ ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်လုပ်ရပ်အဖြစ် မရှုမြင်ဘူးလို့ ပြောပါတယ်။

ပြိုင်ပွဲကတော့ စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်သွားမှာပါလို့ သူက ပြောပါတယ်။

ကွင်းလမ်းမှာ ဒီအခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဟာ ခြိမ်းခြောက်မှုကို ဖြေရှင်းခဲ့ပြီး ဆက်လက်ပြီး အန္တရာယ်မရှိဘူးလို့ ပြည်သူတွေက အာမခံနိုင်ကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

တိုက်ခိုက်မှုအတွက် နိုင်ငံရေး ဒါမှမဟုတ် အယူဝါဒဆိုင်ရာ စေ့ဆော်မှုလို့ မသတ်မှတ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

သေနတ်သမားမှာ pump-action သေနတ် ကိုင်ဆောင်ထားတယ်လို့ သူက ဆိုပါတယ်။

ဟစ်ပ်ကင်စ်က "အခြားသူတွေရဲ့ အသက်ကို ကယ်တင်ဖို့အတွက် အန္တရာယ်ရှိရာ သေနတ်ပစ်ခတ်ကွင်းထဲဆီ တည့်တည့်တိုးဝင်သွားတဲ့ နယူးဇီလန်ရဲ့ ရဲရင့်တဲ့ အမျိုးသား၊ အမျိုးသမီးတွေကို" ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

“ဒီလိုအခြေအနေမျိုးတွေက မြန်မြန်ဆန်ဆန် ရွေ့လျားပြီး တခြားသူတွေကို ကယ်တင်ဖို့ သူတို့ရဲ့ အသက်အန္တရာယ်ကို စွန့်စားရတဲ့ လုပ်ဆောင်ချက်တွေက သူရဲကောင်းဆန်တာချည်းပါပဲ”လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

အော်ကလန်မြို့တော်ဝန် ဝိန်းဘရောင်းရဲ့ ပြောကြားချက်အရ ဖီဖာဝန်ထမ်းတွေနဲ့ ဘောလုံးအသင်းတွေအားလုံးဟာ ဘေးကင်းလုံခြုံတယ်လို့ သိရပါတယ်။

ဖီဖာက သေဆုံးသူတွေရဲ့ မိသားစုတွေကို “အထူးပင် ဝမ်းနည်းကြေကွဲမိကြောင်း” ပြသခဲ့ပြီး နယူးဇီလန် အာဏာပိုင်တွေနဲ့ ဆက်သွယ်မှု ပြုလုပ်ထားကြောင်း ပြောပါတယ်။

နယူးဇီလန်နဲ့ နော်ဝေတို့ရဲ့ အဖွင့်ပွဲစဉ်ကို မြို့ရဲ့ Eden Park မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

၉ ကြိမ်မြောက် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို နယူးဇီလန်နဲ့ သြစတြေးလျတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly