အောင်မြင်ချမ်းသာသူများနှင့် နိုင်ငံရေးသမားများ၏ အခွန်ရှောင်တိမ်းမှု မှတ်တမ်းများ ပေါက်ကြား

အောင်မြင်ချမ်းသာသူများနှင့် နိုင်ငံရေးသမားများ၏ အခွန်ရှောင်တိမ်းမှု မှတ်တမ်းများ ပေါက်ကြား

ပနားမား၊ ဧပြီ ၄ ။                 ။ ချမ်းသာအောင်မြင်သူများနှင့် နိုင်ငံရေးသမားများက ၎င်းတို့၏ ချမ်းသာကြွယ်ဝမှုကို ဖုံးကွယ်ကာ အခွန်လှည့်ဖျားမှုများ ပြုလုပ်သည့် လျှို့ဝှက်မှတ်တမ်းမှတ်ရာ အမြောက်အမြား ပေါက်ကြားခဲ့သည်။

ကမ္ဘာ့လုံခြုံရေးရာကုမ္ပဏီများမှ တစ်ခုဖြစ်သည့် ပနားမားနိုင်ငံ ဥပဒေရေးရာအကြံပေးကုမ္ပဏီ Mossack Fonseca မှ မှတ်တမ်းမှတ်ရာ ဆယ့်တစ်သန်းကျော် ပေါက်ကြားခြင်းဖြစ်သည်။

မှတ်တမ်းများအရ ယင်းကုမ္ပဏီက ဖောက်သည်များကို ငွေကြေးခဝါချခြင်းများ၊ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်တိမ်းခြင်းနှင့် အခွန်ရှောင်တိမ်းခြင်းများကို အကူအညီပေးလျက်ရှိကြောင်း တွေ့ရှိရသည်။

ကုမ္ပဏီကမူ ရာဇဝတ်မှု မငြိစွန်းဘဲ နှစ်ပေါင်း ၄၀ ကြာ လုပ်ငန်းလုပ်ကိုင်လာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ယခုပေါက်ကြားသည့် မှတ်တမ်းများတွင် နိုင်ငံကို မတရားအုပ်ချုပ်သည့် အာဏာရှင်ခေါင်းဆောင်များ အပါအဝင် နိုင်ငံခေါင်းဆောင်ဟောင်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံခေါင်းဆောင် ၇၂ ဦးနှင့် အချိတ်အဆက်ရှိသည့် မှတ်တမ်းများလည်း ပါဝင်သည်။

ပေါက်ကြားသည့် မှတ်တမ်းပေါင်း ၁၁ ဒသမ ၅ သန်းတွင် ရုရှသမ္မတ ပူတင်၏ လက်ထောက်များအပြင် အောင်မြင်ကျော်ကြားသူများအဖြစ် ဘာစီလိုနာဘောလုံးသမား မက်ဆီအပြင် ရုပ်ရှင်မင်းသား ဂျက်ကီချန်းတို့၏ မှတ်တမ်းများလည်း ပါဝင်သည်။

ဂျာမနီ သတင်းစာဖြစ်သော Suddeutsche Zeitung က Mossack Fonseca ကုမ္ပဏီမှ ယင်းမှတ်တမ်းများကို ဖော်ပြလိုက်ခြင်းဖြစ်သည်။

အဆိုပါ မှတ်တမ်းများတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ယောက်ဖ၊ တရုတ်ဝန်ကြီးချုပ်ဟောင်း၏ သမီး၊ မလေးရှားဝန်ကြီးချုပ်၏ သား၊ ပါကစ္စတန်ဝန်ကြီးချုပ်၏ သားသမီးများ၊ ကမ္ဘောဒီးယားတရားရေးဝန်ကြီး၊ ယူကရိန်းသမ္မတ၊ ဆော်ဒီအာရေဗျဘုရင် စသည့် နိုင်ငံရေးအသိုက်အဝန်းမှ ပုဂ္ဂိုလ်များ၏ မှတ်တမ်းမှတ်ရာများ ပါဝင်သည်။

ရုရှဘဏ်တစ်ခုက ဒေါ်လာဘီလီယံပေါင်းများစွာ ငွေကြေးခဝါချခြင်းနှင့် သမ္မတပူတင်နှင့် နီးစပ်သူများပါ ပါဝင်နေခြင်း စသည့် သံသယဖြစ်ဖွယ် မှတ်တမ်းများလည်း ပါဝင်သည်။

ထိုပြင် ယခုပေါက်ကြားသည့် မှတ်တမ်းများတွင် အာဏာရှင်ခေါင်းဆောင်များဖြစ်သော အီဂျစ်သမ္မတဟောင်း မူဘာရတ်၊ လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီနှင့် ဆီရီးယားသမ္မတ ဘာရှာအာဆတ်တို့၏ မိသားစုများ၊ ဆက်နွှယ်ပတ်သက်သူများ၏ အခွန်ဆိုင်ရာ မှတ်တမ်းများလည်း ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly