အာဇာနည်ကိုးဦးအပြင် စစ်ကောင်စီတပ်၏ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသည့် သူရဲကောင်းများအားဂုဏ်ပြုသည့်အနေဖြင့် လှုပ်ရှားမှုတရပ်ကို ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“အခု ကျရောက်တဲ့အာဇာနည်နေ့မှာ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းကိုးဦးအပြင် ဒီတော်လှန်ရေး မှာကျဆုံးသွားတဲ့ သူရဲကောင်းတွေက အများကြီးပါပဲ။ ဒီလှုပ်ရှားမှုဟာ အာဇာနည်သူရဲကောင်း အားလုံး ကိုဂုဏ်ပြုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ကျွန်တော်တို့လူငယ်တွေကို မတရားဖမ်းဆီးချုပ်နှောင်ပြီး မတရား ဥပဒေပုဒ်မတွေတပ်ကာ ဖမ်းဆီးနေပေမဲ့ ကျွန်တော်တို့တော်လှန်ရေးအင်အားစုများဟာ အန္တရာယ်တွေ ကြားကနေ ခက်ခက်ခဲခဲလှုပ်ရှားနေကြပါတယ်” ဟု ယနေ့လှုပ်ရှားမှုအကြောင်းအရင်းကို စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစု Anti - Junta Alliance Yangon မှ တာဝန်ရှိသူက မဇ္ဈိမသို့ ပြောသည်။
ယနေ့ လှုပ်ရှားမှုမှာ ရန်ကုန်မြို့တနေရာတွင် “အာဇာနည်မျိုး သေရိုးမရှိ” ဟူသော စာတန်းအား ချိတ်ဆွဲခဲ့ ခြင်းဖြစ်သည်။ နွေဦးအာဇာနည်များ၊ ဒီမိုကရေစီအာဇာနည်များကို မမေ့ဖို့နှင့် သတိတရဖြစ်စေရန် ရည် ရွယ်ကာ ရန်ကုန် တော်လှန်ရေး လူငယ်အဖွဲ့များက ဘန်နာများ ချိတ်ဆွဲကာ ပြည်သူအများကို သတိပေး တိုက်တွန်းပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာဇာနည်နေ့ နီးကပ်လာသည်နှင့်အမျှ ရန်ကုန်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များ၏ လုံခြုံရေးတင်းကြပ်ထားပြီး ယနေ့ အာဇာနည်နေ့တွင်လည်း လုံခြုံရေးတိုးမြှင့်ထားသည့်ကြားမှ တော်လှန် ရေးအင်အားစုများက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများပြုလုပ်ခဲ့ကြသလို ပြည်သူများကလည်း တော်လှန်ရေးတွင် ရရာနေရာမှ နိုင်သည့်ဝန်ကိုထမ်းကာ ပါဝင်ပေးကြရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက တောင်းဆိုခဲ့သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ