နိုင်ငံတကာထုတ်လုပ်ရေးကုမ္ပဏီများကို ပိုမိုဆွဲဆောင်လာသည့် အိန္ဒိယ

နိုင်ငံတကာထုတ်လုပ်ရေးကုမ္ပဏီများကို ပိုမိုဆွဲဆောင်လာသည့် အိန္ဒိယ

အိန္ဒိယသည် အတိုးတက်ဆုံး နိုင်ငံများထဲတွင် ပါဝင်ကြောင်း Economist Intelligence Unit (EIU) အဖွဲ့က ယခုလအစောပိုင်းတွင် ထုတ်ပြန်သည့်   လာမည့် ၅ နှစ်အတွင်း အကောင်းဆုံး စီးပွားရေးဝန်းကျင်ဆိုင်ရာ သုံး လပတ် ခန့်မှန်းချက်တွင် ဖော်ပြထားသည်။ ထို EIU အဖွဲ့က ဧပြီလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် စီးပွားရေးဝန်းကျင်ဆိုင်ရာအဆင့်သတ်မှတ်ချက် (BER) တွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အဆင့်အားဖြင့် ၆ ဆင့် တက်လာခဲ့ပြီး အာရှ ၁၇ နိုင်ငံတွင် အဆင့် ၁၄ မှ အဆင့် ၁၀ သို့ ရောက်ရှိခဲ့သည်။ 

သို့သော် ထွန်းသစ်စဈေးကွက်များ အထူးသဖြင့် အရှေ့တောင်အာရှရှိ ဈေးကွက်များ၏ အပြင်းအထန် ပြိုင်ဆိုင်မှုကြောင့် အိန္ဒိယအနေဖြင့် အဓိက ကုန်ထုတ်လုပ်ရေး အင်အားကြီးနိုင်ငံဖြစ်လာရန် ခရီးရှည်ကြီးကို လျှောက်လှမ်းရဦးမည် ဖြစ်သည်။ ကြိုးနီစနစ် အလွန်အကျွံထားရှိပြီး ပြည်တွင်းလုပ်ငန်းများကို အကာအကွယ် ပေးသည့် သဘောထားများသည် ရင်းနှီးမြှုပ်နှံသူများအတွက် စိန်ခေါ်မှုများဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။  

အိန္ဒိယအတွက် Economist Intelligence Unit (EIU) အဖွဲ့၏ စီးပွားရေးဝန်းကျင်ဆိုင်ရာ အဆင့်သတ်မှတ်ချက် (BER) ရမှတ်များအရ နိုင်ငံအတွင်း စီပွားရေးလုပ်ကိုင်ရန် တစ်စတစ်စ ပိုမိုလွယ်ကူလာသည်ကို တွေ့နိုင်သည်။  

အိန္ဒိယနိုင်ငံသည် ပြည်ပကုန်သွယ်ရေးနှင့် ငွေလဲလုပ်ငန်း ထိန်းချုပ်မှု၊ အခြေခံအဆောက်အအုံနှင့် နည်းပညာဆိုင်ရာ အဆင်သင့်ဖြစ်မှုတို့အတွက် ရမှတ်များ ရရှိခဲ့သောကြောင့် စွမ်းဆောင်ရည် တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း ထိုစီးပွားရေးပညာရှင်များအဖွဲ့မှ သုတေသနနှင့် ဆန်းစစ်လေ့လာရေးဌာနက သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ 

အိန္ဒိယသည် ကြီးမား၊ တိုးတက်လာသည့် ပြည်တွင်းဈေးကွက်ကြောင့် စျေးကွက်အခွင့်အလမ်းများတွင် ရမှတ်အများဆုံးရရှိခဲ့ပြီး နိုင်ငံရေးဝန်းကျင်နှင့်ပတ်သက်သည့် ရမှတ်မှာ အနည်းဆုံးဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ထပ်မံဖော်ပြထားသည်။  

အဆိုပါ တိုးတက်မှုအတွက် သာဓကအဖြစ် Apple ကုမ္ပဏီ၏ ကန်ထရိုက်တာဖြစ်သော ထိုင်ဝမ်ကုမ္ပဏီ Foxconn သည် အိန္ဒိယတွင် ထုတ်လုပ်မှုများ တိုးမြှင့်ရန် ဆောင်ရွက်လျက်ရှိကြောင်း ယခုနှစ် မတ်လက Bloomberg သတင်းတွင် ဖော်ပြခဲ့သည်။ အိန္ဒိယတွင် Apple စမတ်ဖုန်းများ သိသိသာသာ တိုးချဲ့ထုတ်လုပ်နိုင်စေမည့် စက်ရုံတစ်ခုကို ဘန်ဂါလူရူမြို့အနီးတွင် တည်ဆောက်ရေးအတွက် ထို iPhone ထုတ်လုပ်ရေးကုမ္ပဏီက ဒေါ်လာ သန်း ၇၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိသည်။ 

တရုတ်နိုင်ငံနှင့်ပတ်သက်သည့် စိုးရိမ်မှုများကြောင့် Apple ကုမ္ပဏီသည် ၎င်း၏ထုတ်လုပ်မှု ၂၅ ရာခိုင်နှုန်းကို ပြောင်းရွှေ့ရန် ဆန္ဒရှိကြောင်း အိန္ဒိယအရာရှိများက ပြောကြားထားသည်။ အိန္ဒိယသည် လက်ရှိတွင် Apple ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်မှု စုစုပေါင်း၏ ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းခန့်အကြား ထုတ်လုပ်လျက်ရှိသည်။  

သတင်းအချက်လက် နည်းပညာတွင် အချက်အချာကျသည့် ဘန်ဂါလူရူမြို့အနီးရှိ မြေဧက ၃၀၀ ပေါ်တွင် ဆောက်လုပ်ရန် စီစဉ်ထားသော အဆိုပါစက်ရုံသည် iPhone အစိတ်အပိုင်းများကို ထုတ်လုပ်မည်ဖြစ်ပြီး ဖုန်းများကို တပ်ဆင်ထုတ်လုပ်မှုလည်း ပြုလုပ်လာနိုင်သည်။ အဆိုပါ စက်ရုံတွင် ဝန်ထမ်း ၁၀၀၀၀၀ နီးပါး ခန့်ထားနိုင်ဖွယ်ရှိပြီး တရုတ်နိုင်ငံ ကျန်းကျိုးမြို့ရှိ ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံကြီး၏ ၃ ပုံ ၁ ပုံခန့် အရွယ်အစား ရှိလာမည် ဖြစ်သည်။  

ဘန်ဂါလူရူမြို့အနီးရှိ စက်ရုံသစ်သည် အိန္ဒိယနိုင်ငံ၏ iPhone တပ်ဆင်ထုတ်လုပ်မှုဝေစုကို လက်ရှိ ၅ ရာခိုင်နှုန်းခန့်မှ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်လာနိုင်မည်ဖြစ်ကြောင်း Bloomberg သတင်းတွင် ဖော်ပြထားသည်။  

Apple ကုမ္ပဏီသည် ကမ္ဘာလုံးဆိုင်ရာ iPhone 14 ထုတ်လုပ်မှု၏ ၅ ရာခိုင်နှုန်းကို ၂၀၂၂ ခုနှစ်အကုန်တွင် အိန္ဒိယသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် iPhone ထုတ်လုပ်မှုအားလုံး၏ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း JP Morgan ကုမ္ပဏီက ယမန်နှစ်တွင် ခန့်မှန်းခဲ့သည်ဟု Forbes မဂ္ဂဇင်းတွင် ဖော်ပြထားသည်။  

အလုပ်အကိုင်ပေါင်း ၁၀၀၀၀၀ ဖန်တီးပေးမည့် အဓိကလျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတစ်ခုကို တယ်လ်လန်ဂါနာပြည်နယ်တွင် တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း Foxconn ကုမ္ပဏီက ယခုနှစ်အစောပိုင်းတွင် ကြေညာခဲ့သော်လည်း အဆိုပါစက်ရုံသည် Apple ထုတ်ကုန်များကို ထုတ်၊ မထုတ် ရှင်းရှင်းလင်းလင်းမသိရသေးပေ။ 

ယခုအချိန်အထိ ကမ္ဘာ့အကြီးဆုံး iPhone ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Foxconn ၏စက်ရုံအများစုသည် တရုတ်ပြည်မကြီးတွင် ရှိနေသည်။ 

ထိုသို့ လုပ်ငန်းများ အိန္ဒိယသို့ ပြောင်းရွှေ့လာခြင်းသည် ကမ္ဘာ့ပထဝီနိုင်ငံရေး အခြေအနေများ အထူးသဖြင့် တရုတ်နှင့် အမေရိကန်တို့အကြား တင်းမာမှုများကြောင့် ဖြစ်သည်။ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ရုရှား-ယူကရိန်းစစ်ပွဲ နှစ်ခုလုံးကြောင့် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ရေးကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်လုပ်၊ ရောင်းချရေးလုပ်ငန်းစဉ်များနှင့် တစ်ဆင့်ခံ ကန်ထရိုက်လုပ်ငန်းများကို ပြန်လည်သုံးသပ်လျက်ရှိသည်။ အချို့က မိခင်နိုင်ငံများသို့ ပြန်သွားရန်နှင့် ပြည်တွင်းတွင် ထုတ်လုပ်ကြရန် မဟာဗျူဟာများ ကြံဆလျက်ရှိသည်။ 

ကုမ္ပဏီအများအပြားသည် ထုတ်လုပ်၊ ရောင်းချရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကမ္ဘာ့စက်ရုံကြီးဖြစ်သည့် တရုတ်နိုင်ငံအပေါ် အလွန်အကျွံ မှီခိုနေရမှုကို စိုးရိမ်လာကြပြီး စျေးကွက်စုံ ထုတ်လုပ်မှုတည်ဆောက်ရန် ရည်ရွယ်သည့် တရုတ် အပေါင်း (၁) (China plus one) မဟာဗျူဟာများကို စဉ်းစား၊ အကောင်အထည်ဖော်လျက် ရှိသည်။ 

Apple ကုမ္ပဏီက အိန္ဒိယရှိ ၎င်း၏ထုတ်လုပ်မှုကို တိုးချဲ့မည့်အစီအစဉ်သည် တရုတ်စက်ရုံများအပေါ် မှီခိုနေရမှုကို ထိန်းညှိရန် ဖြစ်သည်။ Foxconn က အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံခြင်းသည် Apple ၏ ရည်မှန်းချက်များနှင့် ကိုက်ညီစေရန် ကြိုးပမ်းမှု ဖြစ်နိုင်သည်။  

တရုတ်နိုင်ငံရှိ Apple ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများသည် ယမန်နှစ်တွင် တင်းကျပ်သော ကိုဗစ်ရောဂါတိုက်ဖျက်ရေး အသွားအလာကန့်သတ်မှုများကြောင့် အနှောင့်အယှက်များ ကြုံခဲ့ရသည်။ ၎င်းတို့တွင် iPhone 14 Pro နှင့် Pro Plus မော်ဒယ် အားလုံးနီးပါးကို ထုတ်လုပ်သည့် Foxconn ၏ ကျန်းကျိုးစက်ရုံတွင် ဆန္ဒပြမှုများ ဖြစ်ပွားသည့် ကိစ္စပါဝင်သည်။ အဆိုပါ အနှောင့်အယှက်များကြောင့် ၂၀၂၂ ခုနှစ်တွင် iPhone အလုံးရေ ၆ သန်းနီးပါး ထုတ်လုပ်မည့် ရာထားချက် ပြည့်မီခဲ့ခြင်း မရှိတော့ပေ။ 

မည်သို့ပင်ဆိုစေ Apple သည် အိန္ဒိယတွင် အရဲစွန့် လောင်းကြေးထပ်သည့် တစ်ခုတည်းသော ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ရေးကုမ္ပဏီကြီး ဖြစ်သည်။ 

ကိုရီးယား အီလက်ထရွန်နစ် ကုမ္ပဏီကြီး Samsung သည် ထုတ်လုပ်မှုများ ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် နွိုက်ဒါမြို့ရှိ ၎င်း၏ မိုဘိုင်းဖုန်းစက်ရုံတွင် အဆင့်မြင့်ထုတ်လုပ်ရေးကိရိယာများ တပ်ဆင်ရာ၌ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း မတ်လတွင် ကြေညာခဲ့သည်။ 

အိန္ဒိယနိုင်ငံတွင် ခိုင်မာတည်ငြိမ်သော စီးပွားရေး၊ မက်လုံးပေးဆွဲဆောင်သည့် အစီအစဉ်များ သိသိသာသာ ကျယ်ပြန့်လာခြင်း၊ အခြေခံအဆောက်အအုံ အဆင့်မြှင့်တင်ခြင်းများနှင့် လုပ်သားအင်အား ပေါပေါများများရှိခြင်း တို့သည် ရင်းနှီးမြုပ်နှံသူများကို ဆွဲဆောင်နိုင်သည့် အခြေခံအချက်များ ဖြစ်သည်။ ထို့အပြင် အိန္ဒိယတွင် စီးပွားရေး လုပ်ကိုင်ရ ပိုမိုလွယ်ကူစေရန် မူဝါဒရေးရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိသည်။  

ပညာရေး၊ ပိုမိုကောင်းမွန်သော လုပ်သားပါဝင်မှုနှုန်း၊ အခြေခံအဆောက်အအုံ၊ အခွန်ကောက်ခံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းများကဲ့သို့သော နယ်ပယ်များတွင် အရေးပါသော တိုးတက်မှုများကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်စေမည်ဟု EIU မှ သုတေသီများက ပြောကြားထားသည်။ 

အိန္ဒိယနိုင်ငံသည် ထုတ်လုပ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်သည့် နေရာဖြစ်လာမည့် အလားအလာ တိုးလာသည်မှာ ထင်ရှားသည်။ ကြိုတင်ပြင်ဆင်မှုရှိသော အစိုးရ၏ ထုတ်လုပ်ရေးဆိုင်ရာ မက်လုံးပေးဆွဲဆောင်မှုများ၊ အခြေခံအဆောက်အအုံများ တစ်စတစ်စ တိုးတက်လာခြင်း၊ လုပ်အားခနှုန်းထား သက်သာခြင်းနှင့် နှစ်နိုင်ငံကုန်သွယ်မှု သဘောတူညီချက်များသည် စီးပွားရေးဝန်းကျင် တဖြည်းဖြည်း တိုးတက်မှုကို ဖြစ်ပေါ်စေသည်။ ပိုမိုကျယ်ပြန့်လာသော ပထဝီနိုင်ငံရေးပြဿနာများနှင့် တရုတ်နိုင်ငံအစား အခြားရွေးချယ်စရာ နိုင်ငံများကို ရှာဖွေခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အိန္ဒိယကို မျက်စိကျလာစေမည် ဖြစ်သည်။ 

စီးပွားရေးတိုးတက်မှုနှင့် ပို့ကုန် တိုးမြှင့်ရန်  အိန္ဒိယအနေဖြင့် ဂျီဒီပီ၏ ၂၀ ရာခိုင်နှုန်းအောက်သာရှိသော ကုန်ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ရန် ရွှေရောင်အခွင့်အလမ်းကို ပိုင်ဆိုင်ထားသည်။  

သို့သော်အိန္ဒိယသည် အရှေ့တောင်အာရှနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် ပြင်းထန်သော ပြိုင်ဆိုင်မှုများနှင့် ရင်ဆိုင်ရဦးမည်ဟု ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly