ဆောမြို့နယ် ရင်းကဲတိုက်ပွဲအတွင်း ပြည်သူ ၂ဦး အပါအဝင် နှစ်ဖက် အကျ အဆုံးရှိ ဟုဆို

By ပါခွီး (မဇ္စျိမ)
16 July 2023
ဆောမြို့နယ် ရင်းကဲတိုက်ပွဲအတွင်း ပြည်သူ ၂ဦး အပါအဝင် နှစ်ဖက် အကျ အဆုံးရှိ ဟုဆို
မီးလောင်နေသည့် ရင်းကဲရွာ မြင်ကွင်း

မကွေးတိုင်း ၊ ဆောမြို့နယ် ရင်းကဲကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး ပြည်သူနှစ်ဦး အပါအဝင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နှစ်ဖက်အကျအဆုံး ရှိကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ကန်ပက်လက်မြို့နယ်) သတင်းပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးကပြောသည်။

မကွေးတိုင်းနှင့် ချင်းပြည်နယ် ကန်ပက်လက်နယ်စပ် ရင်းကဲရွာအနီးတွင် တင့်ကား နှစ်စီးအပါအဝင် စစ်ကောင်စီယာဉ် အစီး ၂၀ကျော်နှင့် အင်အား ၃၀၀ခန့်ပါသော စစ်ကြောင်းနှင့် ယောနယ်အခြေစိုက်နှင့်ချင်းကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့ကြား ဇူလိုင်လ ၁၅ရက်နေ့ နံနက် ၄နာရီတွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

“ဒေသခံထဲက မိန်းကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက်သေတယ်။  PDF ကငါးယောက်ကျတယ် ။ စစ်ကောင်စီဘက်ကလည်း သေတာများတယ်။ အရေအတွက်တော့ မသိရဘူး” ဟု အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

လေးနာရီကျော်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိန်းကလေး (အသက်၁၃နှစ်) တစ်ဦး နှင့် အမျိုးသား (အသက်၅၀)  တစ်ဦးသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက် ငါးဦးကျဆုံးကာ စစ်ကောင်စီတပ်ဘက်ကလည်း အကျဆုံးများကြောင်းသိရသည်။

အကျအဆုံးများသည့်စစ်ကောင်စီတပ်သည် အိမ်ခြေ ၃၅၀ခန့်ရှိသော ရင်းကဲကျေးရွာ သို့ဝင်၍ မီးရှို့ခဲ့ရာ အိမ်ခြေ ၃၀၀ခန့် မီးလောင်ကျွမ်းခဲ့ပြီး လေကြောင်းမှလည်း တိုက်ခိုက်ခဲ့ကြောင်း ပအဖ အဖွဲ့ဝင်က ဆက်ပြောသည်။

တိမ်းရှောင်ရာမှ ယင်းသို့ မီးလောင်ကျွမ်းခဲ့သည်ကို သိရှိ၍  သွားရောက်ကြည့်ရှုသည့် ဒေသခံ ၂၀ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး လောင်းရှည်မြို့ဘက်သို့ခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်သည် မကွေးတိုင်း လောင်းရှည် မှ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ် ကျင်းဒွေးရှိ စစ်အခြေစိုက်စခန်းသို့ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်ရန်လာခြင်းဖြစ်ကြောင်းသိရသည်။

မကွေးတိုင်း ၊ ကျောက်ထုဘက်မှ အင်အား ၁၅၀ခန့်နှင့် လောင်းရှည်ဘက်မှ အင်အား ၃၀၀ခန့်ပါသော စစ်ကြောင်းနှစ်ကြောင်းသည် ကန်ပက်လက်မြို့နယ် ကျင်ဒွေမြို့ ဘက်သို့ စစ်ကြောင်းထိုးလာနိုင်ခြေရှိသည့်အပြင် လေကြောင်းတိုက်ခိုက်မှုပါပြုလုပ်နိုင်သဖြင့် ယင်းလမ်းကြောင်းပေါ်နှင့် အနီးတဝိုက်နေထိုင်ကြသော မိဘပြည်သူများ အနေဖြင့် စစ်ရေးအခြေအနေကိုသတိပြုနေထိုင်ကြရန်နှင့် ပအဖ နှင့် ကာကွယ်ရေးတပ်ဖွဲ့များ သတိပေး ၊ တားမြစ်ချက်များကို လိုက်နာကြရန် ဇူလိုင်လ ၁၃ရက်နေ့က ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေးက သတိပေးထားသည်။

ယနေ့ ဇူလိုင်လ ၁၆ရက်တွင် လောင်းရှည်မြို့ဘက်မှ ချင်းပြည်နယ်ဘက်သို့ဆက်လက် ထွက်ခွာလာနေသည်ကို သတင်းရရှိကြောင်း ပြန်ကြားရေးအဖွဲ့ဝင်ထံက သိရှိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly