ထားဝယ်-ထီးခီး လမ်းပိုင်းကို  ပြည်သူများ အသုံးပြု သွားလာခြင်း  မပြုလုပ်ရန် ကော်သူလေး တပ်မတော် ကြေညာ

By ကိုရွှေမြိတ်(မဇ္ဈိမ)
16 July 2023
ထားဝယ်-ထီးခီး လမ်းပိုင်းကို  ပြည်သူများ အသုံးပြု သွားလာခြင်း  မပြုလုပ်ရန် ကော်သူလေး တပ်မတော် ကြေညာ
ထီးခီးလမ်းပိုင်း

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊  ထားဝယ် အရှေ့တောနယ် မေတ္တာ-ထီးခီး လမ်းပိုင်းကို ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့မှ စတင်၍ ပြည်သူများ ဖြတ်သန်း သွားလာခြင်း မပြုရန် Kaw Thoo Lei Army ဆာကဆော တပ်မ(KTLA) က ထုတ်ပြန်သည်။ 

ယမန်နေ့ ဇူလိုင်လ ၁၆ ရက် ကထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ရက် အတွင်း ပြည်သူများ အနေဖြင့် ဖြတ်သန်း သွားလာခြင်း မပြုရန်၊ စစ်ကောင်စီနှင့် နီးနီး ကပ်ကပ် သွားလာခြင်း မပြုလုပ်ရန်အပြင် အဖွဲ့၏ စစ်ဆေးမှုများအား လိုက်နာပေးရန် စသည့် အချက်များကို ဖော်ပြထားသည်။ 

ယင်း ထုတ်ပြန်ချက်နှင့် ပတ်သက်၍  မဇ္ဈိမက KTLAကို ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း KTLA အဖွဲ့၏ ဆက်သွယ်ရေး အခက်အခဲကြောင့် ဆက်သွယ်ခွင့် မရခဲ့ပေ။

ထို့အပြင် အများပြည်သူများ အနေဖြင့် မသင်္ကာဖွယ်ရာ လှုပ်ရှားမှု တစ်စုံတစ်ရာ တွေ့ပါက နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့များထံ ချက်ချင်း သတင်းပေးပို့ အကူညီတောင်း ပူးပေါင်းပါဝင်ပေးကြရန် KTLA က မေတ္တာရပ်ခံ တိုက်တွန်းထား သည်။

လက်ရှိတွင် ထားဝယ်မြို့နယ် မေတ္တာ-ထီးခီးလမ်းပိုင်းတွင် KNU တပ်မဟာ( ၄ )နှင့် ကော်သူးလေတပ်မတော်တို့ ကြား ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အရပ်သား နှစ်ဦး သေနတ် ထိမှန်ခဲ့ကြောင်း Kwe Ka Lu News က ဖော်ပြထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly