မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ ရေးပြောက်ကျားတပ်ဖွဲ့(YGF)၏ ရှေ့တန်းစခန်းတစ်နေရာတွင် နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် မိုင်းနင်းမိ၍ ရဲဘော်တစ်ဦး ခြေတစ်ဖက်ပြတ် ပြင်းထန်ဒဏ်ရာ ရသွားကြောင်း YGF သတင်းနှင့်ပြန်ကြားရေး တာဝန်ခံထံမှ သိရသည်။
ဇူလိုင်လ ၁၂ရက်တွင် YGFတပ်ဖွဲ့က ရှေ့တန်းစခန်းကို နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် စစ်ကောင်စီတပ်ဖွဲ့ဘက်က ထောင်ထားသည့် မြေမြှုပ်မိုင်းကို နင်းမိရာမှ ရဲဘော်တစ်ဦး ခြေထောက်တစ်ဖက် ပြတ်သွားပြီး မျက်လုံးတစ်ဖက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဇူလိုင်လ ၁၀ရက်နေ့တွင် အင်အား ၆၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ မလွဲတောင်ကျေးရွာအနီးရှိ YGF ရှေ့တန်းစခန်းတစ်ခုအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်ဦးမှုရတာရယ်၊ အင်အားမမျှတာရယ်ကြောင့် ဆုတ်ခဲ့ရတယ်၊ အဲ့ဒါကို ၁၂ ရက်နေ့မှ ပြန်ချဉ်းကပ်ပြီးတော့ ရှင်းလင်းရေးပြန်လုပ်ခဲ့တာ။ သူတို့(စစ်ကောင်စီတပ်ဖွဲ့)ဘက်က ထိခိုက်မှုရှိနိုင်ပေမယ့် အတည်မပြုနိုင်ဘူး” ဟု YGF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
လက်ရှိတွင် ထိခိုက်ထားသည့် ရဲဘော်သည် ဆေးကုသမှု ခံယူလျက်ရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း YGF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၆ရက်နေ့ ညတွင် KNLA နှင့် YGF၊ PDF ပူးပေါင်းတပ်ဖွဲ့များသည် ရေးမြို့နယ်၊ မလွဲတောင်အနီး၊ ၁၄ မိုင်ကျေးရွာအနောက်ဘက်ရှိ ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ထံမှ ရှေ့ထွက်မိုင်းသုံးလုံး၊ M16 ကျည် ၂၁၈ တောင့်၊ ၄၀မမ ကျည် ၂၀လုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ ဖောက်ခွဲရေးပစ္စည်း(ကပ်သီး) ၁၈ခု၊ ကျည်ဘောက် ၁၀ခု၊ ဖုန်း သုံးလုံး၊ စစ်ယူနီဖောင်းတစ်စုံ နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း YGF ကထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)