ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်ပေးတွေ့ခြင်း စစ်ကောင်စီနိုင်ငံရေးအမြတ်ထုတ်လှည့်ဖြားခြင်းဟု အထွေထွေသပိတ်အင်အားစုတုံ့ပြန်၊ န်ိုင်ငံရေးသပ်လျှိုသွေးခွဲမှုကို သတိကြီးကြီးထားရန် လူထုအား တိုက်တွန်း

By ရောင်နီ (မဇ္စျိမ)
14 July 2023
ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်ပေးတွေ့ခြင်း စစ်ကောင်စီနိုင်ငံရေးအမြတ်ထုတ်လှည့်ဖြားခြင်းဟု အထွေထွေသပိတ်အင်အားစုတုံ့ပြန်၊ န်ိုင်ငံရေးသပ်လျှိုသွေးခွဲမှုကို သတိကြီးကြီးထားရန် လူထုအား တိုက်တွန်း
Photo - စစ်ကောင်စီဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး

သံတမန်ရေးအရ တာ၀န်မရှိသည့်  ပုဂ္ဂိုလ်နှင့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ပေးခဲ့ခြင်းသည် နိုင်ငံရေးအရ အမြတ်ထုတ်လိမ်ညာလှည့်ဖြားခြင်းဖြစ်ပြီး စစ်ကောင်စီ၏ နိုင်ငံရေးသပ်လျှို သွေးခွဲမှုကို သတိကြီးကြီးထားကြရန် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body - GSCB) က ကြေညာချက်ထုတ်ပြန်လိုက်သည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးမစ္စတာဒွန်ပရာမွတ်ဝီနိုင်း တွေ့ဆုံခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က  သတင်းစကားပါးလိုက်သည်ဆိုသည့် လတ်တလောထွက်ပေါ်‌နေသော  သတင်းများအပေါ် GSCB က ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင်  သဘောထားထုတ်ပြန်ရာအထက်ပါအတိုင်း ထည့်သွင်း‌ဖော်ပြထားခြင်း ဖြစ်သည်။ 

နေပြည်တော်အချုပ်ထောင်တွင် အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၁၂ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးတွင်  သတင်းထောက်များအား ပြောကြားခြင်းဖြစ်သည်။ မြန်မာနိုင်ငံပဋိပက္ခချုပ် ငြိမ်းရန် ဆွေးနွေးပွဲများ ပြန်လည်ကျင်းပရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ၎င်းက ဆိုထားသည်။ 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ယင်းကဲ့သို့ပြောကြားမှုနှင့်ပတ်သက်သော သတင်းများထွက်ပေါ်လာပြီးနောက် GSCBက ၎င်းတို့၏  သဘောထားကို ကြေညာချက်ထုတ်ပြန်ထားရာ " ယခုသတင်းသည်  မှန်ကန်သည် ဖြစ်စေ၊ မမှန်ကန်သည် ဖြစ်စေ အကြမ်းဖက် စစ်အုပ်စုနှင့် အပေါင်းအပါတစုတို့၏ နိုင်ငံရေးအရ အလွဲသုံးစားပြုမှုနှင့် မြန်မာပြည်သူလူထုနှင့် အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် မထီမဲ့မြင်ပြုမှုအဖြစ်သာ ကျွန်ုပ်တို့က မှတ်ယူပါသည်" ဟု GSCBက ဆိုသည်။

စစ်ကောင်စီသည် အခြားသံတမန်များကိုကျော်၍ နိုင်ငံရေးအရ၊ သံတမန်ရေးအရ တာဝန်မရှိသည့်ပုဂ္ဂိုလ်(မစ္စတာဒွန်ပရာမွတ်ဝီနိုင်း) ကိုဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးခဲ့သည်ဟု သတင်းများထုတ်၍ လှုပ်ခတ်စေရန် ကြိုးစားခြင်းမှာ ၎င်းတို့၏ နိုင်ငံရေးအရ အမြတ်ထုတ်၍ လိမ်ညာလှည့်ဖြားခြင်းဟုGSCBက မှတ်ချက်ပြုထားသည်။

ထို့အပြင် ယခုလုပ်ရပ်သည် အိမ်နီးချင်းနိုင်ငံများ၏ မြန်မာ့အရေးတွင် ပါဝင်ဆောင်ရွက်နေမှုမှာ ပြဿနာကို အမှန်တကယ် ပြေလည်စေလိုသည့် စိတ်စေတနာများထက် အကျိုးစီးပွားပေါ်အခြေခံ၍ ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်နေခြင်းအဖြစ် ထင်ရှားပြီး အာဆီယံ၏တည်ရှိမှု၊ တောင်းဆိုနေမှုများကို မထီမဲ့မြင်ပြုခြင်းဖြစ်ကာ အာဆီယံ၏ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းမှုများသည် အလုပ်မဖြစ်ကြောင်း သက်သေဖြစ်သည်ဟု ဖော်ပြထားသည်။

" ကျွန်ုပ်တို့မျှော်ရည်သည့် နိုင်ငံသစ်နှင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် ဆင်နွှဲနေသည့် ယခုတော်လှန်ရေးတွင် အပြုသဘောမဆောင်သည့်အပြင် အကျိုးစီးပွားပေါ်အခြေခံသည့် မည်သည့် ကူညီမှုအမည်ခံ ဝင်ရောက်စွက်ဖက်မှုများ၊ ကြားဝင်စေ့စပ်မှုများကိုမျှ ကျွန်ုပ်တို့ လုံးဝ (လုံးဝ) လက်မခံပါ။ အကြမ်းဖက်စစ်အုပ်စု၏ မတရားအာဏာလုယူပြီး ပြည်သူလူထုအပေါ် ဆိုးရွားစွာလူ့အခွင့်အရေး ချိုးဖေါက်နေခြင်းသည် ပြဿနာ၏ မူလအရင်းအမြစ် ဖြစ်ပါသည်။ ထိုမူလအရင်းမြစ်ကို ကိုင်တွယ်ဖြေရှင်းရန် မကြိုးစားဘဲ မြန်မာ့အရေး အမှန်တကယ်ပြေလည်သွားစေမည်မဟုတ်သည့် ဆွေးနွေးရေးလမ်းကြောင်းပေါ်  အတင်းတွန်းတင်မှုမှန်သမျှကို ဆန့်ကျင်သွားမည်ဖြစ်ပြီး နိုင်ငံတကာ အင်အားစုများအနေဖြင့် သတိထား၍ အပြုသဘောဆောင်သည့် ကူညီပံ့ပိုးမှုများ ပြုလုပ်ကြပါရန် လေးလေးနက်နက် တိုက်တွန်းသည်"ဟု GSCBက ထုတ်ပြန်ထားသည်။

ထို့အပြင် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့် သံတမန်ရေးတို့တွင် အဖက်ဖက်မှ ကျဆုံးနေသည့် စစ်ကောင်စီသည် ပိုမိုယုတ်မာကောက်ကျစ်သည့် နိုင်ငံရေးသပ်လျှို သွေးခွဲမှုအမျိုးမျိုးကို လုပ်ဆောင်လာဦးမည်ဖြစ်သဖြင့် ၎င်းတို့ကို မျက်ခြေမပြတ်စောင့်ကြည့်၍ သတိကြီးကြီး ထားကြရန်လည်း ပြည်သူလူထုအား  GSCBက တိုက်တွန်းထားသည်။တော်လှန်ရေးအား မည်သို့သော အကြောင်းနှင့်မျှ အထိခိုက်မခံကြရန်နှင့် ယခုထက်ပိုမို စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်တော်လှန်သွားကြရန်လည်းတိုက်တွန်းထားသည်။GSCB အနေဖြင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးရေး အပါအ၀င် တရားမျှတမှုပြန်မရမချင်း သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုသည့် ရပ်တည်ချက်ဖြင့် ရည်မှန်းချက် ပန်းတိုင် မရောက်မချင်းတော်လှန်နေမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ဇူလိုင်လ ၉ရက်တွင် ၁နာရီခန့်ကြာ တွေ့ဆုံခဲ့ပြီး မည်သည့်အချက်များ ဆွေးနွေးခဲ့သည်ကို အသေးစိတ် မသိရှိကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာအချို့အား ဖြေထားသည်။နိုင်ငံရေးဆွေးနွေးပွဲများ ပြန်လည်ကျင်းပရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောကြားခဲ့ သည်ဆိုသည့်အချက်သည် အထောက်အထားမခိုင်လုံဘဲ စစ်ကောင်စီ၏ နိုင်ငံရေးလုပ်ကြံမှုဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က မဇ္ဈိမသို့ ဖြေကြားထားသည်။

အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(General Strike Coordination Body - GSCB) သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းနှင့်ပြည်နယ်အားလုံးတွင် သပိတ်ကော်မတီပေါင်း ၄၀ ကျော်ပါဝင်ဖွဲ့စည်းထားသည်။စစ်အာဏာရှင် စနစ် အမြစ်ဖြတ်ကျဆုံးရေး၊ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ချွင်းချက်မရှိဖျက်သိမ်းရေးနှင့်မတရားဖမ်းဆီးခံ နိုင်ငံရေးခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူ၊ ကျောင်းသား၊ ပြည်သူများအား ချက်ချင်းလွှတ်ပေးရေးစသည့် မူဝါဒ ၄ ချက်ကို ကိုင်စွဲပြီး တော်လှန်ရေးတွင် ပါဝင်နေသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required