မင်းတပ်မြို့နယ်မှ ပြည်သူ့အခြေပြုစာသင်ကျောင်းအချို့စစ်ကောင်စီလေကြောင်းရန်ကြောင့် ယာယီပိတ်

By မဇ္ဈိမ 
14 July 2023
မင်းတပ်မြို့နယ်မှ ပြည်သူ့အခြေပြုစာသင်ကျောင်းအချို့စစ်ကောင်စီလေကြောင်းရန်ကြောင့် ယာယီပိတ်
Photo - စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဝုမ်းခုန်ကျေးရွာစာသင်ကျောင်း ထိခိုက်ပျက်စီးနေပုံ

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီးပြီးနောက် ကျေးရွာအချို့ရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းများ ယာယီပိတ်ထားရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ရက်နေ့က  မင်းတပ်မြို့နယ်၊ မရှိန်းလှော်အုပ်စု၊ ဝုမ်းခုန်ကျေးရွာကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မင်းတပ်မြို့ပေါ်ရှိ ခလရ (၂၇၄) မှလည်း တာဝေးပစ်အမြှောက်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။ ထိုတိုက်ခိုက်မှုများကြောင့် ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့သည်။ ထို့အပြင် ကျေးရွာစာသင်ကျောင်းအပါအဝင်အဆောက်အဦရှစ်ခု၊ခရစ်ယာန်ဘုရားကျောင်းဆောင်တစ်ဆောင်နှင့် နေအိမ် (၁၈) လုံးပျက်စီးခဲ့သည်ဟု သိရသည်။

ထို့နောက်ပိုင်းတွင် ပြည်သူ့အခြေပြုစာသင်ကျောင်းအချို့ကို ယာယီပိတ်ထားခဲ့ရကြောင်း ဆရာမတစ်ဦးက မဇ္စျိမကို ပြောသည်။

‘’ ဝုမ်းခုန်ကျေးရွာကစာသင်ကျောင်း လေယာဉ်ကနေပစ်လို့ပျက်စီးသွားတယ်ဆိုတော့ ဒီဘက်ခြမ်းကကျောင်းတွေလည်းမဖွင့်ရဲတော့ဘူးဖြစ်နေတယ်။ မိဘတွေက ကလေးတွေကို ကျောင်းလာမပို့ကြတော့ဘူး" ဟု အထက်ပါဆရာမကပြောသည်။

မင်းတပ်မြို့နယ်မှ ပြည်သူ့အခြေပြုစာသင်ကျောင်းများတွင် KGတန်းတက်ရောက်နေသော ‌ကလေးငယ်အများဆုံးဖြစ်ပြီး စစ်ကောင်စီတပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများက ကလေးငယ်များ လုံခြုံစွာ ပညာသင်ယူခွင့်ကို ခြိမ်းခြောက်နေသည်ဟု ပြည်သူ့အခြေပြုစာသင်ကျောင်း၊ ကျောင်းအုပ်ဆရာမတစ်ဦးကပြောသည်။

" စစ်တပ်ကလည်း စာသင်ကျောင်းလည်းမချန်ဘူးအကုန်ပစ်နေတာလေ။ဒီဘက်နယ်တွေမှာ အများစုကျောင်းသားတွေက KGတန်းတွေများနေတယ်။အခုက လေယာဉ်သံကြားတာနဲ့ဗုံးခိုကျင်းထဲကို ပြေးဝင်နေကြရတာလေ။ကလေးတွေအတွက် အဆင်မပြေဘူး။ ဒါကြောင့် အခုလို ယာယီပိတ်ထားတာ’’ ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး ထန်တလန်မြို့နယ်သည် အများဆုံးတိုက်ခိုက်ခံရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA)၏ ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ မင်းတပ်မြို့နယ်တွင် ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်း  လေကြောင်းတိုက်ခိုက်ခံမှု ၁၃ ကြိမ်ထက်မနည်း ရှိခဲ့သည်ဟု ICA အစီရင်ခံစာတွင် ဖော်ပြထားသည်။

စာတည်း - မောင်ကြီး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required