ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့အား သီးသန့်တွေ့ဆုံခွင့်ပေးခဲ့ကြောင်း စစ်ကောင်စီပြော

By 001 (မဇ္စျိမ)
13 July 2023
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့အား သီးသန့်တွေ့ဆုံခွင့်ပေးခဲ့ကြောင်း စစ်ကောင်စီပြော

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းတို့အား ဇူလိုင်လ ၉ ရက်နေ့က သီးသန့်တွေ့ဆုံခွင့်ပေးခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီဝါဒဖြန့် မြဝတီရုပ်သံမှတဆင့် ယနေ့ ဇူလိုင် ၁၃ရက်​နေ့တွင် ပြောဆိုသည်။

“ တွေ့ဆုံချိန်ကတော့ တစ်နာရီခွဲနီးပါးလောက်ကြာမြင့်ပါတယ်။ နှစ်ယောက်ချင်းလွတ်လွတ်လပ်လပ်တွေ့ဆုံတာဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်တွေ့ဆုံတဲ့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့လည်း သူဆွေးနွေးချင်တဲ့အချက်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ နှစ်ယောက်ချင်းတွေ့ဆုံပြီးလွတ်လွတ်လပ်လပ်ဆွေးနွေးတာဖြစ်တဲ့အတွက် ဆွေးနွေးချက်တွေကိုတော့ ကျွန်တော်တို့အသေးစိတ်မသိရှိပါဘူး”ဟု ဗိုလ်ချုပ်​ဇော်မင်းထွန်းက ဆိုသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းအနေဖြင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမကျင်းပမီတွင် နေပြည်တော်သို့ တိတ်တဆိတ် လာရောက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပခဲ့သည့် အာဆီယံအစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ယင်းတွေ့ဆုံမှုကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဂျပန်သတင်းဌာန ကျိုဒိုက ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ပြီး ၎င်းက တွေ့ဆုံဆွေးနွေးရေးကို အားပေးကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၁၂ ရက်နေ့ အာဆီယံအစည်းအဝေးအပြီးတွင်လည်း သတင်းထောက်များကို ဖြေဆိုခဲ့ပြီး အသေးစိတ်ပြောဆိုခြင်း မရှိခဲ့ပေ။

လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲခံရပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရကာ နေပြည်တော်အချုပ်ထောင်တွင် ထိန်းသိမ်းခံထားရသည်။

ဇူလိုင် ၉ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မည်သည့်နေရာတွင် တွေ့ဆုံခဲ့သည်ကိုမူ ထုတ်ပြန်ခြင်းမရှိပါ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required