မြန်မာ့အရေးတွင် ဘုံသဘောတူညီချက် ငါးရပ်ကို အာဆီယံ ဆက်လက်ကိုင်စွဲ

မြန်မာ့အရေးတွင် ဘုံသဘောတူညီချက် ငါးရပ်ကို အာဆီယံ ဆက်လက်ကိုင်စွဲ

မြန်မာနှင့် အာဆီယံကြား ရရှိထားသော ငြိမ်းချမ်းရေးအစီအစဉ်သည် အာဆီယံ၏ မြန်မာ့ပဋိပက္ခအား ချည်းကပ်ရာ၌ အခြေခံအဖြစ် ရှိနေဆဲဖြစ်ကာ ယင်း အစီအစဉ် အကောင်အထည်ဖော်ရေးက အရေးကြီးကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အလေးထားဖော်ပြသည်။

ဂျကာတာတွင် ဗုဒ္ဓဟူးနေ့က ၅၆ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ၏ နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနှင့်ပတ်သက်ပြီး အာဆီယံက မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ဆိုခြင်း၌ အခြေခံမူဘောင်အဖြစ် ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်အတည်ပြုခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းကိုလည်း အတည်ပြုခဲ့ကြတယ်”ဟု ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ဖေဖော်ဝါရီလက စစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းလိုက်ချိန်မှစကာ ဝရုန်းသုန်းကားအခြေအနေ ဆိုက်လျက် ရှိသည်။

အာဏာသိမ်းပြီး နှစ်လအကြာ အားလုံးပါဝင်သော ဆွေးနွေးမှုများ ပေါ်ပေါက်ရေး၊ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ အာဆီယံ အထူးသံတမန် ခန့်အပ်ရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လက်ခံရေးနှင့် သက်ဆိုင်သူများနှင့် တွေ့ဆုံရန် အာဆီယံ ကိုယ်စားလှယ်အဖွဲ့ လာရောက်ရေးတို့ကို တောင်းဆိုထားသော ဘုံသဘောတူညီချက် ငါးရပ်ကို စစ်တပ်နှင့် အာဆီယံကြား ရရှိခဲ့သည်။

သို့ရာတွင် အာဏာသိမ်းမှုနောက်ပိုင်း အရပ်သား ထောင်ပေါင်းများစွာ သေဆုံးရသော အကြမ်းဖက်နှိမ်နင်းမှုများဖြင့် ဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည်ဖော်မှု နည်းပါးဆဲ ဖြစ်သည်။

အကြမ်းဖက်မှုများ အရှိန်မြင့် ဖြစ်ပွားနေခြင်းကို စင်ကာပူနိုင်ငံအနေဖြင့် လွန်မင်းစွာ စိုးရိမ်ပူပန်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဗီဗီယန် ဘလာခရစ်ရှနန်က အသားပေးပြောဆိုသည်။

“အရပ်သားတွေ သေဆုံးရတာ၊ အများပိုင် အဆောက်အအုံတွေ ပျက်စီးရတာတွေ ဖြစ်ရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အခြား အကြမ်းဖက်လုပ်ရပ်တွေဟာ ဆက်လက်ဖြစ်ပွားဆဲ ဖြစ်တယ်၊ မြန်မာစစ်တပ်အနေနဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အမြန် အကောင်အထည်ဖော်ပြီး အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ တောင်းဆိုတယ်”ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အာဆီယံဥက္ကဋ္ဌ၏ မြန်မာဆိုင်ရာ အထူးသံတမန်က အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရရေးသည်လည်း လိုအပ်ကြောင်းကို ဘလာခရစ်ရှနန်က အသားပေးပြောဆိုသည်။

ဝန်ကြီး ဘလာခရစ်ရှနန်သည် ဘုံသဘောတူညီချက် ငါးရပ် အရေးကြီးကြောင်းကို ဗုဒ္ဓဟူးနေ့၌ ဖေ့ဘုတ်တွင်လည်း ရေးတင်ခဲ့သည်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ လျော့ပါးပြီး အပြန်အလှန်ဆွေးနွေးမှုတွေ ရှိလာမှ တိုးတက်မှု ဖြစ်လာလိမ့်မယ်”ဟု ၎င်းက ရေးသားခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly