ပျူစောထီးများထံမှ လက်နက်များသိမ်းဆည်းရမိကြောင်း တပင်ရွှေထီးစစ်ကြောင်း ထုတ်ပြန်

By YT  ( မဇ္ဈိမ)
12 July 2023
ပျူစောထီးများထံမှ လက်နက်များသိမ်းဆည်းရမိကြောင်း တပင်ရွှေထီးစစ်ကြောင်း ထုတ်ပြန်
ဓါတ်ပုံ- သိမ်းဆည်းရမိခဲ့သော လက်နက်၊ ခဲ၊ ယမ်းများ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းလေးကျေးရွာရှိ ပျူစောထီးခေါင်းဆောင်၏နေအိမ်မှ လက်နက် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းက ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်ထား သည်။

“သတင်းပေးရှိလို့ သူ့အိမ်ကို အလစ် ဝင်စီးနင်းလိုက်တာပါ၊ လက်နက်သုံးလက်နဲ့ ခဲယမ်းတွေရတယ်။ စစ် မေးလိုက်တော့ သူ့တပည့်တွေဆီကပါ ထပ်ရလိုက်တယ်” ဟု တပင်ရွှေထီးစစ်ကြောင်းတွင်ပါဝင်သည့် တပ်ဖွဲ့တခုမှ ရဲဘော်က မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ ညနေပိုင်းက ပေါင်မြို့နယ်၊ ထန်းလေးကျေးရွာ ဗမာစုရှိ ဦးရွှေမြ၏ နေအိမ် အား သွားရောက်စီးနင်းခဲ့ရာမှ ရိုင်ဖယ်သေနတ်သုံးလက်၊ B-A52 စတင်းဂန်းတလက်၊ ကျည်အိမ်ခြောက် ခုနှင့် ကျည်ဆံများသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဦးရွှေမြအား စစ်ဆေးမေးမြန်းခဲ့ရာတွင်၎င်း၏ ပြောကြားချက်အရ အခြားပျူစောထီးနှစ်ဦး၏ နေအိမ်ကို လည်း ဝင်ရောက်ရှာဖွေနိုင်ခဲ့ပြီး ရိုင်ဖယ်သေနတ်တလက်စီနှင့် ကျည်အိမ်တခုစီ ထပ်မံ သိမ်းဆည်း ရမိခဲ့ ကြောင်း ဆိုသည်။ 

တပင်ရွှေထီးစစ်ကြောင်း၏ စီးနင်းရှာဖွေမှုအတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ပြန် လည်ခုခံခြင်း တစုံတရာမရှိခဲ့သည့်အတွက် ၎င်းတို့အား သတိပေးခြင်းသာလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

သထုံခရိုင် PDF တာဝန်ခံကလည်း ယခုဖြစ်စဉ်သည် မှန်ကန်ကြောင်း မဇ္ဈိမကိုအတည်ပြုပြောဆိုသည်။ 
တပင်ရွှေထီးစစ်ကြောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ တောင်ပိုင်းတိုင်း စစ် ဒေသကွပ်ကဲရေး၊ J.O.C (Joint Commanding Office)၊ အမှတ်(၂)စစ်ဒေသခွဲတွင် ပါဝင်သည့် စစ် ကြောင်းဖြစ်သည်။ 

အဆိုပါစစ်ကြောင်းသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF)များ ပူးပေါင်းဖွဲ့စည်းထားပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁)၊ သထုံ ခရိုင်၊ တပ်ရင်း (၂) နယ်မြေအတွင်းရှိ  အဓိက လှုပ်ရှားလျက်ရှိသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required