မြန်မာ့အကျပ်အတည်း ဖြေရှင်းရန် “ကြိုတင် သတ်မှတ်ချက်များ” မပါသည့် ဆွေးနွေးမှုများကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံဟု ဆို

မြန်မာ့အကျပ်အတည်း ဖြေရှင်းရန် “ကြိုတင် သတ်မှတ်ချက်များ” မပါသည့် ဆွေးနွေးမှုများကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံဟု ဆို

မြန်မာနိုင်ငံတွင် ပျံ့နှံ့ဖြစ်ပေါ်နေသော အကျပ်အတည်းကို အဆုံးသတ်စေရေးအတွက် “ကြိုတင် သတ်မှတ်ချက်များ” မပါသည့် ဆွေးနွေးမှုများကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံမည် ဖြစ်ကြောင်း ဇူလိုင် ၁၂ ရက် မီဒီယာသတင်းဖော်ပြချက်တစ်ရပ်အရ သိရသည်။

မြန်မာ့အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရန် ကြိုတင်သတ်မှတ်ချက်များ မပါဘဲ ဆွေးနွေးမှုများကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံသည်ဟု တိုကျိုအခြေစိုက် Kyodo News က ဖော်ပြသည်။

နိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်သည် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ် ၃၃ နှစ်အထိ ချမှတ်ခံထားရသည်။

မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက ထုတ်ဖော်ပြောဆိုခဲ့သည်ဟု Kyodo News သတင်းတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသော အာဆီယံနိုင်ငံခြားဝန်ကြီးများ အစည်းအဝေး၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စိတ်ရော၊ ကိုယ်ရော ကျန်းမာသည်ဟုလည်း သံတမန် သတင်းရင်းမြစ်များကို ကိုးကားပြီး ထို သတင်းတွင် ဖော်ပြသည်။

ယင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင့်မြင့် ပြည်ပအစိုးရအရာရှိတစ်ဦးအကြား ပထမဆုံး သိရသည့် တွေ့ဆုံမှုလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required