မယ်စဲ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်၍ ၁၃ နှစ် အရွယ် ကလေးငယ်သေဆုံး

By ဂျူချန်း (မဇ္ဈိမ)
12 July 2023
မယ်စဲ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်၍ ၁၃ နှစ် အရွယ် ကလေးငယ်သေဆုံး
Photo - ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်း ဇူလိုင်လ ၁၂ ရက်နေ့ဗုံးကြဲတိုက်ခိုက်ခံရစဉ်

မြန်မာ-ထိုင်းနယ်စပ်တွင်ရှိသည့် ကရင်နီပြည်၊ မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာတွင် ဇူလိုင်လ ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက် မှု သုံးကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့လေကြောင်းမှတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦးသေဆုံးပြီး အရပ်သား တဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘုရားရှိခိုးကျောင်းအပါအဝင် နေအိမ်နှစ်လုံးပျက်စီးခဲ့ကြောင်း ကရင်နီလူ့ အခွင့်အရေးအဖွဲ့မှ သိရသည်။

“ညသန်းခေါင် ၁၂ နာရီခွဲလောက်မှာ ဗုံးသုံးလုံးကြဲခံရတယ်။ အဲ့ဒီမှာ ၁၃ နှစ်အရွယ် သားလေးတယောက် ဆုံးတယ်။ သက်ကြီးပိုင်းတယောက် ဒဏ်ရာရတယ်။ အိမ်က နှစ်လုံးထိတာ တလုံးကပိုပျက်တယ်။ ကား တစ်စီးထိတယ်။ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတကျောင်း လည်းထိတယ်” ဟု KnHRG ဒါရိုက်တာ ကိုဗညားက မဇ္ဈိမ ကိုပြောသည်။

မယ်စဲ့မြို့နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇွန်လ ၁၃ ရက်နေ့မှစတင်ကာ ကျောက်စုကျေးရွာမှ ဒေသခံ အများစုသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း တခါတရံ နေအိမ်သို့ ပြန်လာတတ် ကြောင်း သိရသည်။

“ကျောက်စုရွာမှာထဲမှာ အရပ်သားတော့ မရှိတော့ဘူး။ ဒါပေမယ့် တခါတလေတော့ အိမ်ကိုပြန်လာတတ် ကြတယ်။ ဘေးပတ်ချာလည်က တောကိုး၊ တောထဲကနေ တောင်ယာလုပ်ပြီး ပြန်လာတာရှိတယ်။ တော ထဲမှာတော့ သစ်ပင်အောက်တွေဘာတွေထဲမှာ ခိုလှုံနေတာ” ဟု စစ်ဘေးရှောင်ကူညီနေသူတဦးက ပြော သည်။

ကျောက်စုကျေးရွာသည် တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် နာရီဝက်ခန့်သွားရသော်လည်း စစ်ကောင်စီမှ အကြောင်းမဲ့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောသည်။ 

ကျောက်စုကျေးရွာသည် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့်ဝေးသဖြင့် အနီးပတ်ဝန်းကျင်ရှိ တောတောင်ထဲ တွင် ဘော်လခဲမှ စစ်ဘေးရှောင် ထောင်နှင့်ချီခိုလှုံလျက်ရှိရာ အမိုးအကာနှင့် ဆေးဝါးများ လိုအပ်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁ နာရီခန့်တွင်လည်း ထိုင်း-ကရင်နီနယ်စပ်တနေရာတွင်ရှိသည့် စစ်ဘေးရှောင်စခန်းတခုအား စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့၍ စခန်းတွင်းရှိ အဆောက်အဦးနှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ဇူလိုင်လ ၁၁ ရက်နေ့ ည ၈ နာရီခွဲခန့်ကလည်း လွိုင်ကော်မြို့နယ်၊ လွယ်ထွဲကျေးရွာအတွင်းသို့ စစ်ကောင်စီ၏ လွိုင်ကော်အမြောက်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် မိသားစုဝင်သုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်နှင့် တိရစ္ဆာန်များ ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများမှ သိရသည်။
“၁၁ ရက်နေ့ ညကတည်းက ကာကွယ်ရေးတပ်က လှုပ်ရှားမူတော့မရှိဘူး။ သူတို့(စစ်ကောင်စီ) ထင်တဲ့ရွာ တွေကို လျောက်ပစ်နေကြတာ။ လူသုံးယောက်ထိတယ်။ လင်မယားနှစ်ယောက်၊ ကလေးတယောက်။ စိုးရိမ်ရလို့ ဆေးရုံပို့ထားရတယ်” ဟု ဒေသခံက ပြောသည်။

ကရင်နီပြည် သံလွင်မြစ် အရှေ့ဘက်ကမ်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး ကရင်နီပြည်နေရာအနှံ့တွင် စစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုများ၊ လက် နက်ကြီးပစ်ခတ်မှုများ မကြာခဏလုပ်ဆောင်လျက်ရှိရာ ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့တွင်လည်း ဖား ဆောင်းမြို့နယ်၊ ကျောက်ပိန်းညိုကျေးရွာကို လေယာဉ်ဖြင့် ဗုံးသီးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့သေး ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၃၆၅ ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင် ၁၃၆ ဦး သေဆုံးမှုရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF မှ ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required